ချင်းတွင်းသင်္ကြန်တွင် ပြသထားမည့် မြန်မာ့ပထမဆုံး သဲပန်းပုပွဲတော်

ချင်းတွင်းသင်္ကြန်တွင် ပြသထားမည့် မြန်မာ့ပထမဆုံး သဲပန်းပုပွဲတော်

 

ရန်ကုန်၊ ဧပြီ  ၉ ။                     ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင်ပြုလုပ်မည့် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံ၏ပထမဆုံးသော သဲပန်းပုပွဲတော်ကို ပါ၀င်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သဲပန်းပုများကို  စစ်ကိုင်းတိုင်ဒေသကြီး အစိုးရ၏ဖိတ်ကြားမှုဖြင့် စင်ကာပူနိုင်ငံမှ တရုတ်လူမျိုးသဲပန်းပုပညာရှင် မစ္စတာဂျူဟန်တန်က လာရောက်ထုလုပ်ပေးခြင်းဖြစ်သည်။

“ ကျွန်တော် ၁၉၉၇ ခုနှစ်ကတည်းက သဲပန်းပုတွေကိုစိတ်ဝင်စားပြီးလုပ်ခဲ့တာပါ။ ကမ္ဘာအနှံ့မှာ နိုင်ငံပေါင်း ၂၀ ကျော် မြို့ပေါင်း ၆၀ ကျော်မှာ ပြပွဲတွေလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက်က ကျွန်တော့်အတွက်ပထမဆုံး သဲပန်းပုဖြစ်ပြီးတော့ မြန်မာ့ရိုးရာချင်းတွင်း သင်္ကြန်မှာလည်းပါ၀င်ခွင့်ရခဲ့တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ် “ ဟု မစ္စတာဂျွန်ဟန်တန်က ပြောသည်။

ချင်းတွင်းသင်္ကြန်စတင်ဖွင့်လှစ်မည့် ရက်မတိုင်မှီ  ပြသနိုင်ရန် ၆မီတာအမြင့်နှင့် အကျယ် မီတာ ၂၀ ခန့်ရှိသည့် သဲပန်းပုရုပ်ကြီးကို တည်ဆောက်နေခြင်းဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပန်းပုကျောင်းသားများကိုလည်း နည်းပညာများ ကို မျှဝေပြီး သဲပန်းပုရုပ်များကို စုပေါင်းတည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

“ ရေပုံးထဲမှာတော့ နူန်းရယ်သဲရယ်ကိုရောလိုက်တယ်။ အဲ့တာပြီးရင် ရေနဲ့သိပ်လိုက်တယ်။ တစ်ညလောက် သိပ်လိုက်ပြီးဒီမနက် ပြန်ခွာမှ ကိုယ်ကြိုက်တဲ့ပုံစံလေးကို လုပ်တာပဲ။ အပြင်ကနေပြန်ထွင်းယူတာပေါ့။ သိပ်နေတဲ့ သဲကို။ ပုံဖော်ယူထာ ကျွန်တော်ကြိုက်တဲ့ပုံစံဖြစ်သွားပြီဆိုရင် အပေါ်ကနေ ကော်ရေဖျန်းလိုက်ရင် သူက မာသွားပြီ။ လေဒဏ်တွေ မိုးဒဏ်တွေခံနိုင်သွားပြီ ။ ကျွန်တော်တို့က အခြေခံတော့ရှိတာပေါ့။ နည်းပညာ ကြတော့ သူ့ဆီကယူတာ” ဟု အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး) မှ ပန်းပုမေဂျာ ကျောင်းသား ကိုထွယ်ဆန်အောင်ကပြောသည်။

အဆိုပါချင်းတွင်းသင်္ကြန်မစတင်မှီကပင် သဲပန်းပုရုပ်ထုကြီးကို မုံရွာမြို့နယ်နှင့် နီးစပ်ရာမြို့နယ်များမှ စိတ်ပါ၀င်စားသူတွေလာ ရောက်ကြည့်ရှု့ခြင်းဖြင့် စည်ကားနေသည်ကိုလည်းတွေ့ရှိရသည်။

“ ကိုယ်ကတော့မရောက်ဖူးဘူးပေါ့ အခုမှလာကြည့်ဖြစ်တာ။ ပြောတော့ပြောကြပါတယ်။ သဲနဲ့လုပ်တဲ့ဟာ ပေါ့နော်။ လက်ရာမြောက်တော့မြောက်ပါတယ်.” ဟု မုံရွာနယ်ခံ ကိုသက်ခိုင်က ပြောသည်။

လာရောက်သူများပြားသောကြောင့် သဲပန်းပုနှင့် ချင်းတွင်းသင်္ကြန်ပွဲတော်အတွက် လုံခြံုရေးပိုင်းကိုလည်း အထူးတင်းကြပ်ထားပြီး တည်ဆောက်ဆဲကာ လတွင်ပင် မုံရွာမြို့နယ်ရှိ ရဲအင်အား ၅၀ ကို အသုံးပြုပေးထားသည်ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သန်းဝင်းက ဆိုသည်။

“ ဒီဟာ ၁၁ ရက်နေ့မှာ စပြီးဖွင့်မှာဖြစ်တဲ့အတွက်ကြောင့် တည်ဆောက်ဆဲကာလအပြင် ၁၁ ရက်နေ့မတိုင်ခင် မှာ မတိုင်ခင် ၂ ရက်အလိုမှာ ၁၀၀ ရာခိုင်နူန်းချပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ယာယီဒုတိယ ရဲမှူးကြီး သန်းဝင်းက ဆိုသည်။

ထိုအပြင် ပွဲတော်စတင်ချိန်တွင် အရာရှိ ၃၀ နှင့် အခြားအဆင့် ၁၂၀ ခန့်အခြေခံခန့်မှန်းထားကြောင်းလည်း ၄င်းကပြောသည်။

အဆိုပါသဲပန်းပုသည်မြန်မာနိုင်ငံတွင်ပထမဆုံးပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း မည်သည့်ပန်းပုအမျိုးအစားမဆို အခြေခံသဘောတရားခြ င်းမှာအတူတူပင်ဖြစ်ကြောင်းလည်း မစ္စတာဂျွန်ဟန်တန်ကပြောဆိုသွားသည်။

လာရောက်ကြည့်ရှုသူများသည့်အတွက် စိတ်လှုပ်ရှားမိပြီး ပွဲတော်ကျင်းပမည့်ရက်မတိုင်မီ ပြီးစီးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သဲပန်းပုပညာရှင် မစ္စတာဂျွန်ဟန်တန်က ပြောသည်။

အဆိုပါ သဲပန်းပုနဲ့ပတ်သက်ပြီး မုံရွာဒေသခံတစ်ဦးဖြစ်သည့် မစုလဲ့ဝေက “ နောက်နှစ်တွေလည်း ဒီထက်မကပေါ့နော် ။ လမ်းလျှောက်သင်္ကြန်ကိုဒီလိုလေး တွေမဟုတ်ဘဲနဲ့ပိုပြီးတော့ ဒီဟာဆိုရင် သဲပန်းပုက တစ်ခုတည်းကိုပဲကြည့်ရတာလေ ။ နောက်နှစ် နောင်နှစ်တွေမှာလည်း ဒီဧရိယာကျယ်သလောက် ပေါ့လုပ်နိုင်မယ်ဆိုရင်များများလုပ်ရင် ပိုကောင်းပါတယ်လို့ ” ဟုပြောသည်။

ပွဲတော်တွင် Wet Zone(ရေပက်မည့်နေရာ)၊ Beach Zone(အပန်းဖြေအနားယူနိုင်မည့်ကမ်းခြေနေရာ)၊ Play Zone(ကလေးငယ်များဆော့ကစား ရန်နေရာ)၊ ယိမ်းအကများ၊    မော်တော်ဆိုင်ကယ်ပြကွက်များ၊ ပါရာမော်တာနှင့် သဲပန်းပုပြကွက်များ၊ တိုင်းရင်းသားရိုးရာယာဉ် ကျေးမှုပြကွက်များ ပါ၀င်မည်ဖြစ်သည်။

သင်္ကြန်ပွဲတော်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ်သိန်း နှစ်ထောင်ကျော် အသုံးပြုရန် စီစဉ်ထားပြီး ၄င်းငွေများသည် နေ့ကြီးရက်ကြီးခေါင်းစဉ်တွင် ၂၀၁၇-၂၀၁၈ခုနှစ်ဘဏ္ဍာနှစ်အတွက် သုံးစွဲရန်ကျန်ငွေများဖြစ်သည်ဟု  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly