အစဉ်အလာမပျက် ကျင်းပမည့် ရခိုင်သင်္ကြန်တွင် လုံခြံုရေးပိုင်းအနေဖြင့် CCTV ကင်မရာ ၄၈ လုံး တပ်ဆင်မည်

အစဉ်အလာမပျက် ကျင်းပမည့် ရခိုင်သင်္ကြန်တွင် လုံခြံုရေးပိုင်းအနေဖြင့် CCTV ကင်မရာ ၄၈ လုံး တပ်ဆင်မည်

 

ရန်ကုန်၊ ဧပြီလ ၉ ။                ။ ယခုနှစ် ရန်ကုန်တိုင်းဒေသကြီး၊ သုဝဏ္ဏအားကစားကွင်းတွင် အစဉ်အလာမပျက် ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန် ကို ကျင်းပမည် ဖြစ်ပြီး လုံခြံုရေးပိုင်းအနေဖြင့် CCTV ကင်မရာ ၄၈ လုံး အထိ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ(ရန်ကုန်) ဥက္ကဋ္ဌ ဦးအေးမောင်က မဇ္စျိမသို့ ပြောသည်။

“ ရခိုင်တွေဟာ ဒီနှစ်ပိုင်းမှာ စိန်ခေါ်မှုမျိုးစုံနဲ့ ကြံုနေရပေမယ့် မည်သည့်အခက်အခဲပဲရှိပါစေ။ မိမိတို့ရဲ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာကို အပျက်မခံနိုင်ဘူးလေ။ ဒါကြောင့် အစဉ်အလာမပျက်ကျင်းပပါတယ်။ တိုင်းရင်းသားအချင်းချင်းကျွန်တော်တို့အပေါ် နားလည်ပေးပြီး ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး လာရောက်ဆင်နွှဲပါလို့ ဖိတ်ခေါ်ပါတယ်”ဟု ဦးအေးမောင်က ပြောသည်။

အဆိုပါ CCTV လုံခြံုရေးကင်မရာများ တပ်ဆင်ထားမည့်အပြင် ယခင်နှစ်များအတိုင်း လုံခြံုရေးရဲတပ်ဖွဲ့ဝင်များ၊ ရခိုင်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂိလိက လုံခြံုရေးအင်အားတို့ဖြင့်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ မနှစ်တုန်းကတော့ CCTV က ၁၈ လုံးလောက်ပဲရှိတယ်။ ဒီနှစ်တော့ ၄၈ လုံးတပ်ဆင်သွားမှာပါ။ ရဲတပ်ဖွဲ့အင် အားကတော့ သူတို့ကလည်း လုံခြံုရေးအလုပ်မှာ ကျွန်တော်တို့ ဘယ်လောက် ခင်ဗျားတို့ကို အပ်တယ်ဆို တာမျိုးတော့မရှိဘူးလေ အစဉ်အလာအရ။ သူတို့က ယူနီဖောင်းရယ်၊ အရပ်ဝတ်ရယ်၊ အခြားပုံစံအမျိုးမျိုးနဲ့ လုံခြံုရေးယူကြမှာပါ”ဟု ဦးအေးမောင်က ပြောသည်။

အဆိုပါ ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနက ကြီးမှူးကျင်းပမည်ဖြစ်ပြီး ဧပြီလ ၁၂ ရက်နေ့ ၁၆ ရက်နေ့ထိ ရေလောင်းမဏ္ဍပ် ပေါင်း ၂၁ ခုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သည်။

“ ထူးခြားမှုကတော့ ဒီနှစ်ပေါ့လေ။ နှစ်တိုင်းကတော့ ရခိုင်မြို့နယ်အသင်းတွေကိုယ်စားပြုတဲ့ မဏ္ဍပ်တွေရယ်၊ ရခိုင်လူမှုအဖွဲ့အစည်းတွေကိုယ်စားပြုတဲ့မဏ္ဍပ်တွေက နှစ်တိုင်းပါနေကျ။ ဒီနှစ်ထူးခြားတာက ရခိုင်မျိုး နွယ်စုဖြစ်တဲ့ မျို၊ ခမီ၊ သက် လူမျိုးစုမဏ္ဍပ်လေးတစ်ခု ပိုတိုးလာပါတယ် ”ဟု ဦးအေးမောင်ကပြောသည်။

ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန် ပွဲတော်ကို ဧပြီလ ၁၂ ရက်၊ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် နံ့သာသွေးပွဲ စတင်ကျင်းပမည်ဖြစ်ပြီး ဧပြီ ၁၃ ရက်၊ နံနက် ၉ နာရီတွင် ဘုရားရေ သပ္ပါယ်ပွဲနှင့် သင်္ကြန်ဖွင့်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဧပြီလ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီ၊ သုဝဏ္ဏအားကစားကွင်းတွင် သင်္ကြန်ရေလောင်းမဏ္ဍပ်ဖွင့်ပွဲ ပြုလုပ်သွား မည်ဖြစ်သည်။ အဆိုပါ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်၌ ရခိုင်ရိုးရာစားသောက်ဆိုင်များ၊ ရိုးရာ အမှတ်တရ ပစ္စည်း ဆိုင်များ ဆိုင်ခန်းပေါင်း ၈ဝ ကျော်အပါအဝင် ယိမ်းအကများ၊ သင်္ကြန်တေးသီချင်းများ သီဆိုဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့သည်မှာ ယခုနှစ်နှင့်ဆိုလျှင် ၁၅ ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly