ကန့်သတ်ချက်များဖြင့် ရုပ်သံမှဟောပြောခွင့် လွတ်လပ်မှုမရှိဟု အတိုက်အခံပါတီဝေဖန်

ကန့်သတ်ချက်များဖြင့် ရုပ်သံမှဟောပြောခွင့် လွတ်လပ်မှုမရှိဟု အတိုက်အခံပါတီဝေဖန်

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအား ရုပ်သံမှဟောပြောခွင့်သည် ကန့်သတ်ချက် များဖြင့် လွပ်လပ်မှုမရှိကြောင်း အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဝေဖန်လိုက်သည်။
၎င်းက "လွတ်လပ်မှုမရှိသလို၊ တရားမျှတမှုလည်းမရှိဘူး။ ဒီလိုဟာကိုအရင်ကတည်းက လုပ်လာ တယ်။ အခုလည်း လုပ်တယ်။ မဖြစ်သင့်ဘူးဆိုပေမယ့် ကျွန်တော်တို့မှာက လွတ်လပ်တဲ့ပုဂ္ဂလိက ရုပ်သံမရှိတဲ့အခါ ဘာမှမလုပ်နိုင်ဘူး" ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စက်တင်ဘာ ၂၁ရက်တွင် တစ်ကြိမ်၊ အောက်တိုဘာ ၂၁ ရက်တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်၊ ရုပ်သံမှဟောပြောခွင့်ရမည်ဖြစ်သည်။
နိုင်ငံရေးပါတီများရုပ်သံမှ ဟောပြောရာတွင် တပ်မတော်ပြိုကွဲမှု၊ တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းချမ်းစွာပညာသင်ကြားနေမှုကို ထိခိုက်ပျက်ပြားစေရန် သွေးထိုး လှုံ့ဆော်မှု၊ ဝန်ထမ်းများတာဝန်ကျေပွန်စွာ မထမ်းဆောင်နိုင်မှု သို့မဟုတ် အစိုးရ အားဆန့်ကျင် ဆန္ဒပြစေရန် ဟောပြောမှု စသည်တို့ အပါအဝင် ကန့်သတ်ချက် ၉ ခု ထိပါဝင်သည့် နိုင်ငံရေးပါတီများ ဟောပြောခွင့်ဆိုင်ရာ ကြေငြာချက်ကို သြဂုတ် ၂၇တွင်ထုတ်ပြန်ခဲ့သည်။
ယင်းကန့်သတ်ချက်များ အပါအဝင် ပါတီတို့ကဟောပြောမည့် စာသားများကိုလည်း မဟောပြောမီ တစ်ပတ်အလိုတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့တင်ပြရမည်ဖြစ်ပြီး၊ ကော်မရှင်က ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ညှိုနှိုင်းကာ ခွင့်ပြုခြင်း၊ ညှိုနှိုင်းခြင်းနှင့် စာမူများကို စိစစ်ခြင်းများပြု လုပ်မည်ဟုလည်း ပါရှိသည်။
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ အတွင်းရေးမှုး ဦးနေမင်းကျော်က "ဒီနှစ်ဟာကို အရင်နှစ်နဲ့တော့သေချာမတိုက်ကြည့်ရသေးပေမယ့် ဘာမှပြောစရာမပါဘူး။ ပါတီကို မဲပေးဖို့တောင် ပြောလို့မရသလိုဖြစ်နေတယ်။ အဲဒီကိစ္စတွေကိုကော်မရှင်နဲ့တွေ့ရင် ပြောဦးမှာပါ" ဟု မဇ္ဈိမကိုပြောသည်။
ရွေးကောက်ပွဲကော်မရှင်သည် စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ရက်အတွင်း ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီ၉၀ ကို ရုပ်မြင်သံကြားမှ နှစ်ကြိမ်ကျစီ ဟောပြောခွင့်ပြုမည်ဖြစ်သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးထွန်းရီက "ကျွန်တော်တို့ပါတီက တော့ အဆင်ပြေပါတယ်။ ဖွဲ့စည်းပုံ၊ ပါတီမှတ်ပုံတင်ဥပဒေ၊ ကျင့်ဝတ်စည်းကမ်းတွေ မှာလည်း ဒီလိုအချက် တွေကပါနေတာပဲကို အဲဒီအတွက် ထွေထွေထူးထူးတော့မဟုတ်ပါဘူး" ဟု မဇ္ဈိမကို ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို စက်တင်ဘာလ နှင့် အောက်တိုဘာလ ၈ရက်နေ့ တို့တွင်ရုပ်မြင် သံကြားမှ ဟောပြောခွင့်ပြုထားသည်။ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့က စက်တင်ဘာလ ၁ရက်တွင်တွေ့ဆုံကြမည်ဖြစ်သည်။
နိုင်ငံရေးပါတီများဟောပြောခွင့်တွင် ကန့်သတ်ချက်များပါရှိသည့်နည်းတူ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် သတင်းရယူမည့်မီဒီယာများကလည်း တစ်မြို့နယ်တွင် သုံးယောက်နှုန်းဖြင့်သာ ရွေးကောက်ပွဲနှင့် ပက်သက်ပြီး လေ့လာ၊ သတင်းရယူနိုင်မည်ဖြစ်သည်။
ယင်းအပြင် သတင်းမီဒီယာများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထား သည့် တည်ဆဲဥပဒေ၊ ရွေးကောက်ပွဲဥပဒေများအပြင်၊ ပြန်ကြားရေးဝန်ကြီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်သည့် လမ်းညွှန်ချက်များကို လိုက်နာရမည်ဟုလည်း ကန့်သတ်ထားသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က "သတင်းမီဒီယာကို အဲဒီလိုကန့် သတ်လို့ မရဘူးလို့ထင်တယ်။ ကိုယ်တိုင်ဝန်ခံချက်၊ ပြန်ကြားရေးရဲ့ ညွှန်ကြားချက်ဆိုတာ မီဒီယာ အတွက်အ ကန့် အသတ်ပဲ" ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါ မီဒီယာများအပေါ်ဝန်ခံ ကတိထိုးခိုင်းခြင်းနှင့် ပက်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) တို့က သြဂုတ် ၃၀ ရက် နေ့လည်ပိုင်းတွင် တွေ့ဆုံဆွေးနွေးမည်ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly