ဒူးဒဏ်ရာအပြင် ဆူဇူကီးဖလားပြိုင်ပွဲနဲ့လွဲမှာပါ စိုးရိမ်နေရတဲ့ ကျော်ကိုကို

ဒူးဒဏ်ရာအပြင် ဆူဇူကီးဖလားပြိုင်ပွဲနဲ့လွဲမှာပါ စိုးရိမ်နေရတဲ့ ကျော်ကိုကို

ချင်းရွိုင်အသင်းမှာ အငှားနဲ့သွားရောက်ကစားနေတဲ့ ရန်ကုန်နဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုဟာ ဒူးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တာကြောင့် ၂၀၁၈ ဘောလုံးရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။

ကျော်ကိုကိုဟာ ချင်းရွိုင်အသင်းနဲ့ ပတ္တရားယူနိုက်တက်အသင်းတို့ စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ထိုင်းလိဂ်-၁ ပွဲစဉ် ဒုတိယပိုင်းမှာ ပတ္တရားနောက်ခံလူ ဆာရာဝတ်ရဲ့ ဖြတ်ထုတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့တာပါ။

ဆေးစစ်ချက်တွေအရ ကျော်ကိုကိုရဲ့ ညာဖက်ဒူးဟာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့တာပါ။ ဒဏ်ရာအမြန်ပြန်လည်သက်သာပြီး ပြန်ကစားနိုင်စေဖို့ မျှော်လင့်တယ်လို့ ချင်းရွိုင်အသင်းက ကြေညာခဲ့ပါတယ်။

မြန်မာလက်ရွေးစင်အသင်းအတွက် အားထားရတဲ့ သူဟာ ချင်းရွိုင်အသင်းမှာ ဘရာဇီးတိုက်စစ်မှူးတွေနဲ့အပြိုင် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး လူစားဝင်ကစားသမားအဖြစ်သာ ကစားနေရရာက အခုလို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။

ထိုင်းလိဂ်- ၁ ဟာ ပြိုင်ပွဲဝင်အသင်း ၁၈ သင်းနဲ့ ကျင်းပနေပြီး လက်ရှိမှာ ပွဲစဉ် ၉ ပွဲသာ ကစားရသေးပါတယ်။ အောက်တိုဘာမှ ရာသီကုန်မှာဖြစ်လို့ ကျော်ကိုကိုအနေနဲ့ အနည်းဆုံး ၆ လ လောက်အနားယူရဖို့ရှိနေတာပါ။

သူ့အနေနဲ့ နိုဝင်ဘာမှာ ကျင်းပမယ့် ဆူဇူကီးပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားနိုင်ပါ့မလားဆိုတာလည်း စိုးရိမ်စရာကောင်းနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly