ကျပ် သိန်း ၅၀၀ ကျော်အကုန်ကျခံ၍ “ မကွေးလမ်းလျှောက် သင်္ကြန်” ကို ရိုးရာယဉ်ကျေးမှုများဖြင့် သရုပ်ဖော်မည်

ကျပ် သိန်း ၅၀၀ ကျော်အကုန်ကျခံ၍ “ မကွေးလမ်းလျှောက် သင်္ကြန်” ကို ရိုးရာယဉ်ကျေးမှုများဖြင့် သရုပ်ဖော်မည်

မကွေး၊ ဧပြီ ၈ ။           ။ မြန်မာ့နှစ်ကူးသင်္ကြန်တွင် မကွေးတိုင်းဒေသကြီးအစိုးရနှင့် အကျိုးဆောင် ပြည်သူများ ပူးပေါင်း၍ ရိုးရာ အမွေအနှစ် ဖော်ဆောင်မှုများ ပါ၀င်သည့် လမ်းလျှောက်သင်္ကြန်အား မကွေးမြို့ ကမ်းနားလမ်း၌ ကျင်းပနိုင်ရန် အစီအစဉ်များ ရေးဆွဲထားပြီး အောင်မြင်စွာ ကျင်းပနိုင်ရန် စတင်ဆောင်ရွက်နေကြောင်း “ မကွေးလမ်းလျှောက် သင်္ကြန်” ကျင်းပရေးဆပ်ကော်မတီမှ သိရသည်။

မကွေးမြို့ ကမ်းနားလမ်းတွင် ကျင်းပမည့် လမ်းလျှောက် သင်္ကြန်ပွဲတော်အတွက် ရံပုံငွေ ကျပ်သိန်း (၅၀၀)နှင့် အထက် အသုံးပြု သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ထံမှ သိရသည်။

“ မြန်မာ့ရိုးရာနဲ့အညီ စည်စည်ကားကား ပြုလုပ်သွားပါမယ်၊ မြန်မာ့ရိုးရာ သနပ်ခါး၊ အမွှေးန့ံသာတွေကို ငွေဖလားထဲထည့်ပြီး အောင်သပြေပန်းတွေနဲ့ ရေကစားမယ့် အစီအစဉ်တွေပါတယ်၊ တစ်နိုင်ငံလုံး စည်းစည်း လုံးလုံးနဲ့ စိတ်ချမ်းသာဖို့အတွက် မုံ့လုံးရေပေါ်နဲ့ အပိတ်နေ့မှာ မုန့်ချမ်းသာ ကျွေးသွားပါမယ်” ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးဖိုးနီက ပြောသည်။

လမ်းလျှောက် သင်္ကြန်ပွဲတော် အား ကမ်းနားလမ်းရှိ ကျောက်သားဥယျာဉ်မှ စတင်ကာ မြဧရာပန်းခြံထိ မုဒ်ဦး(၂)ခု ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်အတွင်းတွင် ဖျော်ဖြေရေးမဏ္ဍပ်ကြီး(၂)ခု၊ စတုဒီသာမဏ္ဍပ် (၁၅)ခုနှင့်အတူ ရေကစားမဏ္ဍပ်(၄၀)ကျော်ပါဝင်မည်ဖြစ် သည်ဟု လမ်းလျောက်သင်္ကြကျင်းပရေး ကော်မတီအဖွဲ့ဝင်များထံမှ သိရသည်။

လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရံပုံငွေ ကျပ်သိန်း(၅၀)နှင့် မကွေးမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များက ကျပ်သိန်း(၅၀၀)ကျော်လှူဒါန်းခဲ့ပြီး မြို့ပေါ်ရှိ ပရဟိတအဖွဲ့(၇)ဖွဲ့မှလည်း ကူညီထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်သည်ဟု သင်္ကြန်ကျင်းပရေးကော်မတီ အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

မကွေးလမ်းလျှောက် သင်္ကြန်ကို ကမ်းနားလမ်းကျောက်တုံးဥယျာဉ်မှ မဲထီးလမ်းထိ ပေ(၂၄၀၀)ခန့်အတွင်း ကျင်းပမည်ဖြစ်ကာ ရေပက်မဏ္ဍပ်ငယ် (၃၄)ခု၊ ရေကစားမဏ္ဍပ်များကြားတွင် စတုဒီသာ မဏ္ဍပ်(၁၅)ခု၊ ဖျော်ဖြေရေးမဏ္ဍပ်ကြီး နှစ်ခုနှင့် မိုးအတု ရေပက်ဖျန်းမည့် နေရာ(၁၀)ခုတို့ ပါ၀င်မည်ဖြစ်သည်။

“ မုခ်ဦးကနေ ၀င်ဝင်ချင်းမှာ ငွေဖလားနဲ့ပိတောက်ခက်လေးတွေနဲ့ ကုန်းဘောင်ခေတ်ပုံစံ ရေကစားမယ့် မဏ္ဍပ် ရှိမယ်၊ မုခ်ဦးက နေစပြီး Auto ရေပက်ဖျန်းပေးတဲ့စနစ်နဲ့စဖွင့်မယ်၊ ဒုတိယမဏ္ဍပ်ကတော့   ကျေးလက်သင်္ကြန် ပုံစံပေါ့၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီး ကျေးရွာက ဆံရစ်ဝိုင်းကလေးတွေ အယောက်(၂၀)က မြန်မာ့ကျေးလက်ပုံစံ အကျႌဆင်တူလေးတွေနဲ့ ရေကစားမယ်၊ သနပ်ခါး ကျောက်ပြင်လေးတွေ ချထားပြီး သနပ်ခါးလေးတွေ လိမ်းပေးမယ့်သူတွေ ရှိမယ်၊ နောက်တစ်ခုက လှေဝမ်းထဲမှာ ရေဖြည့် ပြီး ငွေဖလားနဲ့ ပက်မယ့် ရခိုင်တိုင်းရင်းသားပုံစံ သင်္ကြန်မဏ္ဍပ်ရှိမယ်။ ရေပက်မဏ္ဍပ် နှစ်ခုပြီးတိုင်း ရိုးရာအစားအစာတွေနဲ့ ဧည့်ခံမယ့် စတုဒိသာ မဏ္ဍပ်တစ်ခု ရှိပါမယ်”ဟု ဆပ်ကော်မတီ၏ ဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမိုးက ပြောသည်။

သင်္ကြန်ပွဲတွင် မကွေးတိုင်းအတွင်းရှိ ဆံရစ်ဝိုင်းရိုးရာထိန်းသိမ်းထားသည့် ရေပုတ်ကြီး ကျေးလက်မောင်မယ် များ၊ ရှေးကျသော တောင်သားလူမျိုးများ၊ အရှို ချင်းတိုင်းရင်းသားများကိုလည်း ဖိတ်ကြားထားပြီး ရိုးရာဂုဏ် ဖော်ဆောင်သည့် ၀တ်စားဆင်ယင်၊ ခင်းကျင်းသွားလာမှုများကိုလည်း ဖိတ်ခေါ်ထားသည်။ ၎င်းအပြင် ပုသိမ်ထီးအလှ ချိတ်ဆွဲမှုများ၊ လှည်းယဉ်ကျော့များလည်း ပါ၀င်မည် ဖြစ်သည်ဟု သိရသည်။

“ တိုင်းဒေသကြီးအစိုးရအဖွဲ့က လမ်းလျှောက်သင်္ကြန်အတွက် သိန်း(၅၀)ထောက်ပံ့ပါတယ်။ မဏ္ဍပ်တစ်ခုကို ခြောက်သိန်း ကုန်ကျမယ်လို့ တွက်ချက်ထားပြီးတော့ အလှူရှင်တွေကလည်း စာရင်းပေးထားတာတွေ ရှိနေပါပြီ။ မဏ္ဍပ် ဆောက်တာကို Steel Structure နဲ့လုပ်မယ်။ နောက်နှစ်အတွက် ရေပုံးကအစ ပြန်ဝယ်စရာ မလိုအောင် သိမ်းထားမယ်၊ လုပ်ငန်း အောင်မြင်ဖို့ အတွက်လည်း ကော်မတီတွေ ဖွဲ့ထားပါတယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြည်သူတွေ ပူးပေါင်းအားနဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်မှာပါ” ဟု မကွေးပရဟိတအဖွဲ့မှ ကိုမိုးကပြောသည်။

လမ်းလျှောက်သင်္ကြန်လည်ပတ်သူများ၏ ယာဉ်များကို သင့်တင့်သော စောင့်ရှောက်ခဖြင့် ထိန်းသိမ်းပေးမည် ဖြစ်ပြီး သတ်မှတ်ဧရိယာအတွင်း အရက်၊ဘီယာ သောက်စားမှုများ မရှိစေရန် တားမြစ်သွားမည်ဖြစ်ကာ ရေ၊ လျှပ်စစ်မီး၊ သန့်ရှင်းရေးနှင့် လုံခြံုရေးကိစ္စရပ်များကို ဌာနဆိုင်ရာများမှ တာဝန်ယူသွားမည်။

လမ်းလျှောက်သင်္ကြန်အပြင် ဗဟိုမဏ္ဍပ်ဖျော်ဖြေ မှုများနှင့် မြို့ပတ်လည်တွင် မဏ္ဍပ်များဖြင့် စည်ကားရေး အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အကျိုးဆောင် ပြည်သူများ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု သင်္ကြန်ဖြစ်မြောက်ရေးကော်မတီမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly