ပြင်ဦးလွင် ကွန်ကရစ် လမ်းသစ်နှင့် ကတ္တရာလမ်းသစ် ဖွင့်ပွဲကျင်းပ

ပြင်ဦးလွင် ကွန်ကရစ် လမ်းသစ်နှင့် ကတ္တရာလမ်းသစ် ဖွင့်ပွဲကျင်းပ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဧပြီ  ၈ ။           ။ မန္တလေးတိုင်းဒေသကြီး ၊ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံ(ဘူတာ)ကျေးရွာ၊ပင်လိန်ကျေးရွာတို့တွင် ကွန်ကရစ် လမ်းသစ်နှင့်ကတ္တရာလမ်းသစ် ဖွင့်ပွဲကို ဧပြီလ ၈ ရက်၊နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါလမ်း နှစ်လမ်းကို ၂၀၁၇/၂၀၁၈ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ငွေနှင့် ပြည်သူများ၏ ထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းခင်းခဲ့ခြင်းဖြစ်သည်။

၀က်ဝံ(ဘူတာ)ကျေးရွာတွင်း ကွန်ကရစ်လမ်း လမ်းကို နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်၁၀သန်း၊ ပြည်သူ ထည့်ဝင်ငွေ ကျပ် ၁၁.၉၃သန်း စုစုပေါင်း ကျပ်၂၁.၉၃သန်းဖြင့် အရှည်ပေ ၁၃၀၀၊အကျယ် ၁၄ ပေ၊ အထူ ၆ လက်မနှင့် ပင်လိန်ကျေးရွာတွင် ကတ္တရာလမ်းကို နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်၁၀သန်း၊ ပြည်သူ့ထည့်ဝင်ငွေ ကျပ် ၁၅.၃၀သန်း စုစုပေါင်း ကျပ်၂၅.၃၀သန်းဖြင့် အရှည်ပေ ၂၇၀၀၊အကျယ် ၁၂ပေ၊ အထူ ၉လက်မ လမ်းတို့ ကို ခင်းခဲ့ခြင်းဖြစ်သည်။

"အခုလိုအစိုးရနဲ့ပြည်သူတစ်သားတည်း ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်မှာချက် တွေရဲ့ တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်မှုပါ။ ကျေးလက်နေ ပြည်သူတွေ သွားလာရေးအဆင်ပြေဖို့ နိုင်ငံတော်ထောက်ပံ့မှုနဲ့ ပြည်သူ့ထည့်ဝင်ငွေနဲ့ အခုလို လမ်းတွေ ခင်းပေးခဲ့တာပါ။ပြည်သူတွေအနေနဲ့ လမ်း တွေ ရေရှည်တည်တံ့ခိုင်မြဲဖို့ ဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုပါတယ်။ ဒါမှ ခင်းပေးထားတဲ့ လမ်းတွေက တစ်သက်လုံး ကောင်းစွာ အသုံးချနိုင်မှာဖြစ်ပါတယ်။"ဟု မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမင်းဟန်က ပြောသည်။

အဆိုပါ လမ်းများကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမင်းဟန်တို့တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly