မြန်မာနိုင်ငံ၏ GDP နိမ့်ကျလာမှုကိုအဖြေရှာရန် ထိပ်တန်းစီးပွားရေးပညာရှင်များ၊ စီးပွားရေးသမားများ ဆွေးနွေး

မြန်မာနိုင်ငံ၏ GDP နိမ့်ကျလာမှုကိုအဖြေရှာရန် ထိပ်တန်းစီးပွားရေးပညာရှင်များ၊ စီးပွားရေးသမားများ ဆွေးနွေး

ရန်ကုန်၊ ဧပြီ ၈ရက် ။             ။ မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) နိမ့်ကျလာသည်ကိုအဖြေရှာရန်အတွက် ၂၀၁၉ မျက်မှောက် မြန်မာ့စီးပွားရေး အလားအလာပြန်လည်သုံးသပ်ခြင်း ဆိုသည့် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ ကုန်သည် စက်မှုအသင်းချုပ် ၌  ဧပြီလ ၈ ရက်က ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး တိုးတက်မှုနှုန်းလျော့ကျခဲ့သည်ဟု မြန်မာ့အဖွဲ့စည်းများ တိုးတက်မြှင့်တင်ရေးပညာရှင်များအသင်း တည်ထောင်သူနှင့်ဥက္ကဋ္ဌ   ဒေါက်တာအောင်ရဲဇော်က ပြောသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့စီးပွားရေးက ၂၀၁၃ ခုနှစ်လောက်ကနေပြီးတော့ GDP တိုးတက်မှုနူန်းဟာ လျော့လာခဲ့တယ်ပေ့ါနော် ။ ၂၀၁၉ ခုနှစ်အထိ World Bank ရဲ့ခန့်မှန်းချက်အရဆိုရင်တော့ GDP တိုးတက်မှု နှုန်းက ၆.၉ လောက်မျှော်မှန်းထားတယ်ပေါ့နော်။ တိုင်းပြည်ရဲ့စီးပွားရေးတိုးတက်မှသာလျှင် တိုင်းပြည် တိုးတက်မှာပေ့ါနော် ။ စီးပွားရေးတိုးတက်မှုက တိုင်းပြည်ရဲ့အခရာဖြစ်တယ်" ဟု ဒေါက်တာအောင်ရဲဇော် က ပြောသည်။

၄င်းဆွေးနွေးပွဲသို့ ဒေါက်တာအောင်ထွန်းသက်အပါအဝင် မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးပညာရှင်များ၊ ထိပ်တန်းစီးပွားရေးသမားများက မြန်မာနိုင်ငံ၏ GDP နှင့်ပတ်သက်ပြီး ပါ၀င်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တိုင်းပြည်၏ GDP တိုးတက်မှုနူန်းကို ၂၀၁၉ခုနှစ်တွင် ၈ ဖြစ်လာစေရန်ရည်ရွယ်ဆွေးနွေးကြခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုပမာဏ( Gross Domestic Products-GDP) သည် ၂၀၁၈ ခုနှစ်တွင် ၆.၇ တွင် ရှိနေသည်။

ကမ္ဘာ့ဘဏ်၏ စာရင်းများအရ မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနူန်းသည် ၂၀၁၃ ခုနှစ်တွင် ၈.၄ ၊ ၂၀၁၄ တွင် ရ.၉ ၊ ၂၀၁၅ တွင် ၆.၉၊ ၂၀၁၆ တွင် ၅.၈ ၊ ၂၀၁၇ တွင် ၆.၄ ၊ ၂၀၁၈ တွင် ၆.၇ အသီးသီးရှိခဲ့ပြီး ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တွင် ၆.၉ အဖြစ် ရှိနေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုတွင် စက်မှုထုတ်ကုန်၊ ထုတ်လုပ်မှုကဏ္ဍများတွင် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အတော်နောက်ကျနေကြောင်း သီလဝါအထူးစီးပွားရေးဇုံစီမံခန့်ခွဲမှုကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာ ရွှေဟိန်းက ပြောသည်။

"လက်ရှိအခြေအနေကတော့ Industrial Production တွေ ၊ Manufacturing နဲ့ Service Sector ကဏ္ဍမှာ တော်တော်လေးနောက်ကျနေတာကိုတွေ့ရပါတယ် ။ အဓိကကတော့ ကုန်ထုတ်စွမ်းအားတွေ Productivity က တခြားနိုင်ငံတွေထက်စာရင် တော်တော်လေးနောက်ကျ နိမ့်ကျနေတောပေါ့နော် ။ ကုန်ထုတ်စွမ်းအားဆိုတာ Manufacturing မှာလည်းရှိတယ် Service Sector မှာလည်းရှိတယ် ။ ကဏ္ဍအသီးသီးမှာရှိတယ်။ ဒီကဏ္ဍတွေ ကို Productivity ဘယ်လိုမြှင့်တင်လို့ရမလဲဆိုတာအဓိကဆွေးနွေးပြီးမှ လုပ်ငန်းရှင်တွေကလည်းတကယ် လက်တွေ့အသုံးချနိုင်ဖို့အရေးကြီးပါတယ်" ဟု ဒေါက်တာရွှေဟိန်းက ပြောသည်။

ဆွေးနွေးပွဲရလဒ်များကို အစိုးရသို့အကြံပြုမည်ဖြစ်ပြီး ပွဲတက်ရောက်လာသည့် လူငယ်များ၊ လုပ်ငန်းရှင်များ အနေဖြင့် အသိပညာများရရှိစေရန် မျှော်လင့်ကြောင်း မြန်မာ့အဖွဲ့စည်းများတိုးတက်မြှင့်တင်ရေး ပညာရှင်များ အသင်း တည်ထောင်သူ ဒေါ်ချိုချိုဝင်း က ဆိုသည်။

သို့ရာတွင် နိုင်ငံ၏ ဖွံ့ဖြိုးမှုကို ကိန်းဂဏန်းများဖြင့် ပြည့်စုံအောင် ဖော်ပြမရနိုင်ဘဲ အဖြေမှန်ကို သိဖို့ခက်တယ်ဟု ဧပြီလ ၁ ရက်နေ့က ပြောကြားသည့် နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ခြင်း ၂ နှစ်ပြည့်မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားထားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ပရော်ဖက်ဆာဒေါက်တာအောင်ထွန်းသက်၊ Zeya & Associates ကုမ္ပဏီလီမိတက်၏ CEO ဦးဇေယျသူရမွန်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘောဂဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာသီတာကြူ၊ City Mart Holding ကုမ္ပဏီလီမိတက်၏ CEO ဒေါ်ဝင်းဝင်းတင့်၊ Device Consulting Group ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဦးတင်ဇံကျော်၊ သီလဝါအထူးစီးပွားရေးဇုံ စီမံခန့်ခွဲမှု ကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာ ရွှေဟိန်းတို့ တက်ရောက်ခဲ့ကြသည်။

သမ္မတဦးသိန်းစိန်လက်ထက်၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် GDP တန်ဖိုး ၉.၁ ရာခိုင်နှုန်းသို့ ရောက်ရှိရန် မျှော်မှန်းထားခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှစတင်၍ သိသိသာသာကျဆင်းသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်စာရင်းများ အရ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags