တရားဥပဒေအတိုင်းလိုက်နာမည်ဟု ပြောဆိုခဲ့သည့် ဘရာဇီးသမ္မတဟောင်း အကျဉ်းစံမည့်ထောင်သို့ ရောက်ရှိ

တရားဥပဒေအတိုင်းလိုက်နာမည်ဟု ပြောဆိုခဲ့သည့် ဘရာဇီးသမ္မတဟောင်း အကျဉ်းစံမည့်ထောင်သို့ ရောက်ရှိ

ဆာအိုဘာနာဒို ဒိုကမ်ပို၊ ဘရာဇီး၊ ဧပြီ ၈ ။           ။ အကျင့်ပျက်ခြစားမှုကြောင့် တရားရင်ဆိုင်ခဲ့ရသည့် ဘရာဇီးသမ္မတဟောင်း လူအစ်ဇ်အင်နာစီယို လူလာ ဒါဆေးလ်ဗား က သူသည် တရားဥပဒေမှချမှတ်ထားသည့်အမိန့်အတိုင်း လိုက်နာမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နောက်တွင် သူအကျဉ်းစံရမည့်ထောင်သို့ ရဟတ်ယာဉ်ဖြင့် စနေနေ့ညက ရောက်ရှိလာခဲ့သည်။

ထောင်သို့မရောက်ရှိလာမီအစောပိုင်းတွင် လူလာ၏အလုပ်သမားပါတီမှအဖွဲ့ဝင်များက လူလာသည် ဆော်ပေါ်လိုမြို့အနီးရှိ ပြည်ထောင်စုရုံးချုပ်အနီး၌ စနေနေ့ကပြုလုပ်ခဲ့သော လူထုစည်းရုံးပွဲပြီးနောက်တွင် လာရောက်အဖမ်းခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

“ကျနော် ချမှတ်ထားတဲ့အမိန့်ကို လိုက်နာမှာပါ” ဟု ဘရာဇီးနိုင်ငံအား ၂၀၀၃ မှ ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ သော နိုင်ငံ၏နာမည်အကြီးဆုံးနိုင်ငံရေးသမားကြီး လူလာက ရုံးချုပ်အနီး၌ လာရောက်စုဝေးခဲ့ကြသော သူ့ကို ထောက်ခံသူ လူထောင်ပေါင်းများစွာအား ပြောကြားခဲ့သည်။

“ကျနော်ဟာတရားဥပေဒအထက်မှာ နေထိုင်တဲ့သူမဟုတ်ပါဘူး။ ကျနော်ဟာ တရားမျှတမှုကိုယုံကြည်ပါတယ်။ ဒါပေမယ့် မျှတတဲ့တရားစီရင်မှုဆိုတာ ခိုင်မာတဲ့သက်သေအထောက်အထားကို အခြေခံပြီးစီရင်ရတာဖြစ်ပါ တယ်။ ကျနော်ဟာလည်းပဲ ဒေါသထွက်နေတဲ့ ပြည်သူတွေထဲက ပြည်သူတစ်ဦးပါ။ ကျနော်ဟာ ကျနော်ပိုင်ဆိုင် ခြင်းမရှိတဲ့ တိုက်ခန်းတစ်ခုကြောင့် တရားစွဲဆိုခံခဲ့ရတဲ့ သာမန်လူတစ်ဦးဖြစ်ပါတယ်” ဟု လူလာက သူ့ကို ထောက်ခံသော လူအုပ်ကြီးကို ပြောဆိုခဲ့သည်။

ထို့နောက် စနေနေ့ညပိုင်းတွင် လူလာကိုသယ်ဆောင်လာသော ရဟတ်ယာဉ်သည် သူထောင်နန်းစံရမည့် ကူရီတီဘာထောင်သို့ ရောက်ရှိလာခဲ့ချိန်တွင် ထောင်အပြင်ဘက်ရှိ ဆန္ဒပြသူလူအုပ်ကြီးက မီးပန်းများ ပစ်ဖောက်ခဲ့ကြပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ဖောက်ဖြိုခွင်းခဲ့ကြသည်။

ယင်းဖြစ်စဉ်ကြောင့် ရာဘာကျည်ဆန်နှင့် အပစ်ခံခဲ့ရသူတစ်ဦးအပါအဝင် လူ ၈ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လူလာသည် ဘရာဇီးဆောက်လုပ်ရေးကုမ္ပဏီ OAS ကို နိုင်ငံပိုင်ရေနံကုမ္ပဏီ Petrobras ထံမှ အကျိုးအမြတ် များသော စာချုပ်များရရှိအောင်ကူညီပေးပြီး လာဘ်ယူခဲ့သည့်အတွက် ၂၀၁၇ ဇူလိုင်လက ပြစ်ဒဏ်ချမှတ်ခံခဲ့ရ သူဖြစ်သည်။

လူလာသည် ယင်းကုမ္ပဏီထံမှ အမေရိကန်ဒေါ်လာ ၁.၁ မီလျံ လာဘ်ငွေရယူခဲ့ပြီး ဇိမ်ခံတိုက်ခန်းတစ်ခုကို လည်း လက်ခံခဲ့သည်ဟု တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

လူလာသည် လူဦးရေထူထပ်ခြင်း၊ အကြမ်းဖက်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော ဘရားဇီး၏ထောင်များနှင့်မတူပဲ အလွန့်အလွန်ကို ကောင်းမွန်သောအဆင့်အတန်းရှိပြီး ကိုယ်ပိုင်ရေပူရေချိုးခန်းနှင့် ကိုယ်ပိုင်အိမ်သာရှိသည့် ဇိမ်ခံထောင်ထဲ၌သာ နေထိုင်ရမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly