ဂျာမနီ၌ လူအုပ်ထဲသို့ ကားနှင့်ဝင်တိုက်ခဲ့သည့် အမျိုးသားတစ်ဦးကြောင့် လူ ၂ ဦးထက်မနည်း သေဆုံး

ဂျာမနီ၌ လူအုပ်ထဲသို့ ကားနှင့်ဝင်တိုက်ခဲ့သည့် အမျိုးသားတစ်ဦးကြောင့် လူ ၂ ဦးထက်မနည်း သေဆုံး

မူအန်စတာ၊ ဂျာမနီ၊ ဧပြီ ၈ ။             ။ ဂျာမနီနိုင်ငံ၌ စနေနေ့က စားသောက်ဆိုင်တန်းထဲသို့ ဗင်ကားမောင်းလာသော အမျိုးသားတစ်ဦးက အရှိန်နှင့် ၀င်တိုက်ခဲ့သောကြောင့် လူ ၂ဦးထက်မနည်းသေဆုံးပြီး ၀င်တိုက်ခဲ့သောအမျိုးသားမှာလည်း မိမိကိုယ်မိမိ သေနတ်နှင့်ပစ်၍ သတ်သေသွားခဲ့ကာ ယင်းလုပ်ရပ်မှာ အစ္စလာမစ်စစ်သွေးကြွများ၏ လုပ်ရပ်မျိုးဖြစ်သည်ဟု အာဏာပိုင်များက ပြောခဲ့သည်။

အခင်းဖြစ်ပွားရာနေရာမှ ဓာတ်ပုံများထဲ၌ စားပွဲများနှင့် ကုလားထိုင်များ ပြိုလဲပျက်စီးနေခဲ့သည်ကို တွေ့မြင်ရပြီး ယင်းစားသောက်ဆိုင်တန်းများမှာ ဂျာမနီနိုင်ငံ၏ အလယ်ခေတ်မြို့ပုံစံအတိုင်းတည်ရှိသော မူအန်စတာမြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြည်ထဲရေးဝန်ကြီးဟားဘာ့တ်ရူအယ်လ်က ယင်းလုပ်ရပ်၏အဓိကတရားခံမှာ ဂျာမန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဒုက္ခသည်အဖြစ်ဝင်ရောက်ခိုလှုံခဲ့သူမဟုတ်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ် ကြောင်း ပြောခဲ့သည်။

“လက်ရှိအချိန်ထိတော့ အစ္စလာမ်မစ်အကြမ်းဖက်သမားတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြနိုင်တဲ့ သဲလွန်စအတိအကျတော့ မရရှိသေးပါဘူး” ဟု ရူအယ်လ်က ဆိုခဲ့သည်။

ယင်းလုပ်ရပ်ကြောင့် လူပေါင်း ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၆ဦးမှာ အလွန်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဂျာမန်ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ဒါ့အပြင် တရားခံကို ဗင်ကားအတွင်း၌ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးနေသည် ကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

ဒါ့အပြင် ဗင်ကားအတွင်းထဲ၌ ဖောက်ခွဲရေးပစ္စည်းဟု သံသယရှိရသော ပစ္စည်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပြီး ယင်းပစ္စည်းကို ကျွမ်းကျင်ပညာရှင်များက မပေါက်ကွဲအောင် ဖျက်စီးပစ်ခဲ့ကြသည်။

တရားခံသည် ဆိုးရွားသောစိတ်ကျန်းမာရေး အခြေအနေများရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ZDF သတင်းဌာန၏အဆိုအရ ယင်းအမျိုးသားသည် မိမိကိုယ်မိမိလုပ်ကြံရန် မကြာသေးခင်ကကြိုးပမ်းခဲ့ပြီး သူသေဆုံးချိန်တွင် လူအများ၏အာရုံစိုက်ခံရမှုကိုရရှိရန် တတ်နိုင်သလောက် ကြိုးပမ်းသွားမည်ဟုလည်း ဖွင့်ဟ ခဲ့ဖူးကြောင်း သိရသည်။

သို့သော်လည်း ယင်းဖော်ပြချက်များကို ဂျာမန်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags