ဗီယက်နမ်တွင် တရားမဝင် အွန်လိုင်းလောင်းကစားဂိုဏ်းနှင့် ပတ်သက်မှုဖြင့် ဒုတိယရဲချုပ်အား ဖမ်းဆီး

ဗီယက်နမ်တွင် တရားမဝင် အွန်လိုင်းလောင်းကစားဂိုဏ်းနှင့် ပတ်သက်မှုဖြင့် ဒုတိယရဲချုပ်အား ဖမ်းဆီး

ဟနွိုင်း၊ ဧပြီ ရ ။                                ။ ဗီယက်နမ်နိုင်ငံတွင် တရားမဝင် အွန်လိုင်းလောင်းကစားဂိုဏ်းတွင် ပါဝင်သည် စွပ်စွဲချက်ဖြင့် အကြီးတန်းရဲအရာရှိတစ်ဦးကို ဒုတိယမြောက်အဖြစ် ဖမ်းဆီးကြောင်း ပြည်သူ့လုံခြံုရေးဝန်ကြီးဌာနက ဧပြီ ၆ ရက်တွင် ထုတ်ပြန်သည်။

ကွန်မြူနစ်ဗီယက်နမ်နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုအား တို်က်ဖျက်နေရာ အသက် ၆၂ နှစ်ရှိ ဒုတိယရဲချုပ်ဖြစ်သူ ဖန်ဗန်ဗင်းအား ရာထူးနေရာတွင် အာဏာအလွဲသုံးစားမှု စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးရန် လေးလတာ ဖမ်းဆီးထိန်းသိမ်းထားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖန်ဗန်ဗင်းသည် ယင်းဝန်ကြီးဌာန၏ ရဲဌာနချုပ်အကြီးအကဲအဖြစ် ၂၀၁၁ ခုနှစ်မှ ၎င်းပင်စင်ယူချိန် ၂၀၁၇ ဧပြီအထိ လုပ်ကိုင်ခဲ့စဉ်တွင် ဗီယက်နမ်နိုင်ငံအတွင်းက အဓိကရာဇဝတ်မှုကြီးများကို ဦးဆောင်စုံစမ်းစစ်ဆေးခဲ့ခြင်းကြောင်း လူသိများသူတစ်ဦးဖြစ်သည်။

“သူဟာ အင်တာနက်ကို အသုံးပြုပြီး အွန်လိုင်းပေါ်ကနေ လောင်းကစားမှုတွေ၊ ငွေကြေးခဝါချမှုတွေ လုပ်ဆောင်နေတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်နေတယ်လို့ သံသယရှိရတယ်။”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အွန်လိုင်းလောင်းကစားဂိုဏ်းနှင့် ပတ်သက်ပြီး ဖမ်းခံရခြင်းသည် ဖန်ဗန်ဗင်းအနေဖြင့် ဒုတိယမြောက် အကြီးတန်းရဲတစ်ဦးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းက ထုတ်လွှင့်သည်။ အဆိုပါ ဂိုဏ်းသည် ဒေါ်လာသန်းပေါင်းများစွာဖြင့် နိုင်ငံတကာကွန်ရက်နှင့် ချိတ်ဆက်ထားသော ဂိုဏ်းကြီးလည်း ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့်လအတွင်းက နည်းပညာမြင့်ရာဇဝတ်မှုများ နှိမ်နင်းရေးအား ဦးစီးရသည့် ရဲချုပ် ငုယင်သန်ဟွားကို ဖမ်းဆီးခဲ့ပြီး အွန်လိုင်းလောင်းကစားဂိုဏ်း ဖွဲ့စည်းလုပ်ဆောင်နေခြင်းအတွက် စုံစမ်းစစ်မေးလျက် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly