CNPC နှင့် MOGE ကို လယ်ယာမြေလျော်ကြေး မပေးဟုဆိုကာ အမ်းတောင်သူ ၁၀၀ ခန့် ဆန္ဒဖော်ထုတ်

CNPC နှင့် MOGE ကို လယ်ယာမြေလျော်ကြေး မပေးဟုဆိုကာ အမ်းတောင်သူ ၁၀၀ ခန့် ဆန္ဒဖော်ထုတ်
photo:RiA

 

အမ်း၊ ဧပြီလ ရ ရက်။                 ။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တောင်သူများ၏ ဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် လျော်ကြေးငွေ ပေးမည့် ဆုံးဖြတ်ချက်အပေါ် တရုတ်အမျိုးသားပိုင် ကုမ္ပဏီ CNPC နှင့် MOGE တို့က ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသည့်အတွက် အမ်းမြို့နယ် တောင်သူ ၁၀၀ ကျော်ခန့်က တတိယအကြိမ်မြောက်အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ဧပြီလ ရ ရက်နေ့ နံနက် ၈ နာရီမှ စတင်ကာ အမ်းမြို့နယ် မြေစာရင်းရုံးမှ ၁၆ မိုင်ခန့်ဝေးသည့် ခရီးကို ဆိုင်ကယ်၊ ကား စသည်တို့ဖြင့် အမ်းတောင်သူ ၁၀၀ ခန့်လာရောက်ပြီး အမ်းမြို့နယ် ပိုက်လိုင်းကြားဖြတ် အခြေစိုက်စခန်း ဝင်ပေါက်၊ ထွက်ပေါက်တို့ကို ပိတ်ဆို့ကာ ယနေ့ ဧပြီလ ရ ရက် ညနေ ၄ နာရီထိ ဖော်ထုတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

“အဓိက ရည်ရွယ်ချက်ကတော့ ပြည်နယ် အစိုးရအဖွဲ့က လျော်ကြေး၊ နစ်နာကြေးပေးမယ်လို့ ဆုံးဖြတ်ချက် အပေါ်မှာ CNPC နဲ့ MOGE က ဒီနေ့ထိ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက်ကြောင့် ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ ဆန္ဒပြတဲ့ အခါမှာလည်း ခွင့်ပြုချက်တင်ထားတဲ့ မနက် ၈ နာရီက ညနေ ၄ နာရီထိ အစာငတ်ခံပြီး ပြတာပါ။”ဟု အမ်းမြို့နယ် ပိုက်လိုင်းရေးရာ စောင့်ကြည့် လှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးလှိုင်က ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် “ MOGE (အလိုမရှိ)၊ CNPC (အလိုမရှိ)၊ ရေနံဓာတ်ငွေ့ပိုက်လိုင်းကြောင့် ထိခိုက် နစ်နာနေသော ဒေသခံပြည်သူများအား လျော်ကြေးနှင့် နစ်နာကြေး အပြည့်အဝ (ဆောင်ရွက်ပေး)” စသည့် ကြွေးကြော်သံများကို အသုံးပြုကာ ဖော်ထုတ်ခဲ့ကြသလို တစ်နာရီခန့် အသံတိတ်ကာ ဖော်ထုတ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုဆန္ဒဖော်ထုတ်ခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ယခုဆန္ဒဖော်ထုတ်၍သာ တရုတ်ကုမ္ပဏီတို့ဖက်မှ တစ်စုံ တစ်ရာဆောင်ရွက်ပေးခြင်းမရှိလျှင် အရှိန်အဟုန်မြှင့်၍ ကမ်ပိန်းများပြုလုပ်သွားမည်ဖြစ်ကာ နောက် တစ်ဆင့်အနေနှင့် လိုအပ်လျှင် အမ်းမြို့နယ်ရှိ ရခိုင်၊ ဗမာ၊ ရှမ်းတို့ပူးပေါင်းကာ ကျိန်စာတိုက် စစ်ပွဲများ ပြုလုပ်သွားမည်ဟု ဦးဆောင် ဆန္ဒဖော်ထုတ်သူများက ပြောသည်။

တရုတ်အမျိုးသားပိုင် ကုမ္ပဏီ CNPC နှင့် MOGE တို့မှ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဖော်ဆောင်ရာတွင် အမ်းဒေသခံ တောင်သူတို့၏ မြေယာဧကပေါင်း ၁၆၀၀ ခန့် ဆုံးရှုံးထားပြီး ၂၀၁၂ ခုနှစ် ကာလပေါက်ဈေးနှင့် တွက်ချက်ကာ လျော်ကြေးပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags