ဘဝပေါ် တံဆိပ်ခေါင်း ကပ်ထားသူ

ဘဝပေါ် တံဆိပ်ခေါင်း ကပ်ထားသူ
ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

 

အနံ့အသက် သိပ်မကောင်းလှတဲ့ တိုက်ခန်းတစ်ခုရဲ့ အခန်းထဲမှာ အသက် ရ၂ နှစ်အရွယ် အမျိုးသားတစ်ဦး ထိုင်ခုံမှာမှီပြီး ဖိုင်တွဲတစ်ခုကို စိတ်ဝင်တစား ကြည့်နေပါတယ်။

သူ့အရှေ့က ခုံပေါ်မှာလည်း ဖိုင်တွဲတွေနဲ့ တံဆိပ်ခေါင်းပေါင်းစုံက ပြန့်ကျဲလျက်။ ပန်ကာအဟောင်းသံက အခန်းရဲ့ တိတ်ဆိတ်မှုထဲ ပျံ့နှံ့နေပါတယ်။

“ ဒီဥစ္စာက ၆၄ ခုနှစ်ကထုတ်တဲ့ ငှက်တံဆိပ်ခေါင်းတွေလေ” ဆိုပြီးတော့ သူ့က ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ဖိုင်ကဒ်တစ်ခု ကိုယူပြီးပြပါတယ်။

“ ဒါဆိုရင် အဲ့ဒီတုန်းက တစ်ကျပ်ပဲတန်တာကွာ။ ဒါပေမယ့် ဒါက နှစ်ကျပ်၊ ငါးကျပ် အဲ့လိုမျိုး ပြောလို့မရဘူး။ အဲ့ဒီတုန်းက တစ်ကျပ်တန်ခေါက်ဆွဲဆိုတာ ဒီကနေ့ စားနေတဲ့ တစ်သောင်းခွဲ.. အဲ့လောက် တန်လောက်တဲ့ ခေါက်ဆွဲကြော်နဲ့ တန်ဖိုးအတူတူပဲလေ။ ငါးကျပ်ဆိုတာ ကျွန်တော်တို့ မသီနိုင်ဘူး။ မဝယ်နိုင်ဘူး။ ငါးကျပ်တန် တံဆိပ်ခေါင်းကို ”လို့ သူက အရေပြားတွဲကျစပြုနေတဲ့ လက်နဲ့ ငှက်တံဆိပ်ခေါင်းတွေကို တစ်ပုံချင်း ထောက်ပြ နေပါတယ်။

သူကတော့ အသက် ရ၂ နှစ်အရွယ်  တံဆိပ်ခေါင်းပညာရှင် ဒေါက်တာဦးကျော်မြင့်မောင်ပါ။

ဒေါက်တာ ဦးကျော်မြင့်မောင်ကို ၁၉၄၆ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ မော်လမြိုင် ဇာတိပါ။ သူ အသက် ၁၅ နှစ်  ရွယ်ကတည်းက တံဆိပ်ခေါင်းတွေကို စတင်စုဆောင်းခဲ့တာဖြစ်ပါတယ်။

အသက် ၁၅ နှစ်အရွယ်မှာ မွန်ပြည် နယ်၊ မော်လမြိုင်မှာရှိတဲဲ့ အေဘီတံဆိပ်ခေါင်း ကလပ်အသင်းမှာ အသင်းဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး တံဆိပ်ခေါင်းတွေကို စုဆောင်းခဲ့တာပါ။

အဲ့ဒီကလပ်အသင်းမှာပဲ ကျောင်းသားလူငယ်တွေအတွက်  တံဆိပ်ခေါင်းဆိုင်ရာပြိုင်ပွဲမှာ ပထမဆုံးအကြိမ် တံဆိပ်ခေါင်းနဲ့ ပတ်သက်ပြီး ဒုတိယဆုရခဲ့ပါတယ်။

ဒါကတော့ သူ့အတွက် အားအင်နဲ့ တွန်းအားတစ်ခု ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

“ ဒီနေ့ထိ တံဆိပ်ခေါင်းတွေကို ချစ်မြတ်နိုးနေတုန်းပဲ။ စုနေတုန်းပဲပေါ့။ ကြားမှာ ပြတ်သွားတယ် ဆိုတာ မျိုးမရှိခဲ့ဘူးပေါ့။ ဘယ်လောက်ပဲ လူမှုရေးအခက်အခဲတွေရှိရှိ၊ တံဆိပ်ခေါင်းလေး ကြည့်လိုက်ရင် အဲ့ဒီစိတ်တွေ ပြေပျောက်သွားတာပေါ့။ ကုသဆေးလေးပေါ့”လို့ ဦးကျော်မြင့်မောင်က မျက်နှာမှာ ပြံုးယောင်သမ်းသမ်းနဲ့ ပြောပြပါတယ်။

ဦးကျော်မြင့်မောင်က သူစုဆောင်းခဲ့တဲ့ တံဆိပ်ခေါင်းတွေနဲ့ ပတ်သက်ပြီး တစ်ချို့တံဆိပ်ခေါင်းတွေဟာဆိုရင် အချိန်ကာလကြာမြင့် လာတာနဲ့ အမျှ တန်ကြေးတွေမြင့်တက်လာတယ်လို့ ဆိုပါတယ်။ တစ်ချို့ဆိုရင် အမေရိကန် ဒေါ်လာ ၁,ဝဝဝ ထိ တောင် တန်ကြေးရှိတယ်လို့ပြောပါတယ်။

“ ဟိုဟာစုမယ်။ ဒီဟာစုမယ်ဆိုပြီး ရွေးနေလို့ မရဘူး။ တံဆိပ်ခေါင်းမှန်သမျှကို ဘယ်နိုင်ငံကပဲဖြစ်ဖြစ် တစ် ကမ္ဘာလုံးကဟာတွေ ယူစုရတာ။ သြစတေးလျဆိုရင်၊ သြစတေးလျစာမျက်နှာလေးမှာ ကပ်လိုက်။ အီရန် ဆိုရင်..အီရန် မှာကပ်လိုက်။ အဲ့လို နာမည်အမျိုးမျိုးနဲ့ ကျွန်တော်တို့တွေ စုကြရတာ”လို့ သူကပြောပါတယ်။

“ နည်းနည်းကြီးလာတဲ့အချိန်ကြတော့ အထူးပြုပြီး လေ့လာခဲ့တာ။ အထူးပြုစုမယ်ဆိုတော့ ကျွန်တော်တို့တွေ သြစတေးလျဆိုရင် သြစတေးလျခေါင်းတွေ သေသေချာချာစုတာ။ အဲ့ဒါထက်အပြင်ကို ဘာလဲဆိုတော့ အကြောင်းအရာပေါ်မှုတည်ပြီးစုတာ။ ကျွန်တော်ဆိုရင် ရော့ခ်အန်ရိုးလ်ဘုရင် အဲလ်ဘတ်ပရက်စလေ တံဆိပ်ခေါင်းတွေစုတယ်။ နောက်.. ရောင်းပစ်လိုက်ပါတယ်။ နောက် ဗုဒ္ဓဘာသာတံဆိပ်ခေါင်းတွေစုတယ်။ ငှက်တံဆိပ်ခေါင်းတွေစုတယ်။ ပတ်ဝန်းကျင်နဲ့ တံဆိပ်ခေါင်းတွေရော။ နိုင်ငံအလိုက်စုတာရောပါတယ်။ မြန်မာကတော့ စုကိုစုရမှာပေါ့။ မြန်မာတစ်ယောက်အနေနဲ့”လို့ ဆိုပါတယ်။

တံဆိပ်ခေါင်းဆိုတာက ခေတ်စနစ်  သမိုင်းအဆက်ဆက်ကို ဖော်ပြနေတာဖြစ်ပါတယ် ။

တံဆိပ်ခေါင်းတွေဟာ စီးပွားရေးပုံစံဆက်နွယ်နေတာဖြစ်ပြီး နိုင်ငံတကာမှာတော့ ခေတ်အဆက်ဆက် တံဆိပ် ခေါင်းထုတ်လုပ်မှုတွေ၊ ပွဲတော်အလိုက်၊ ရာသီအလိုက်၊ အထိမ်းအမှတ်အလိုက် တံဆိပ်ခေါင်းထုတ်လုပ်မှုတွေ များခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့  အဲ့ဒီလိုမျိုး ထုတ်တာ အားနည်းခဲ့ပါတယ်။

“ ကိုယ့်ဆီမှာက တစ်ခြားနိုင်ငံလိုမဟုတ်ဘူး။ ဝါဇီလုံခြံုရေးပုံနှိပ်လုပ်ငန်းဆိုတာ တံဆိပ်ခေါင်းပုံနှိပ်တာ။ စက်ကြီးရှိ တယ်နော်။ စက်ရုံးကြီးကို ပိုင်တယ်။ ကျန်တဲ့နိုင်ငံတွေမှာ ဟိုနိုင်ငံကပ်၊ ဒီနိုင်ငံကပ်ပြီးတော့ တံဆိပ်ခေါင်း ရိုက် ပေးပါ ဆိုပြီး နိုင်ငံခြားငွေအများကြီးပေးနေရတာ။ ကိုယ့်နိုင်ငံမှာ ကိုယ်ဘာသာ ရိုက်လို့ ရနေတဲ့အချိန်မှာထုတ် ပစ်လိုက်စမ်းပါ” လို့ လက်ရှိ မြန်မာနိုင်ငံရဲ့ တံဆိပ်ခေါင်းထုတ်လုပ်မှုအခြေအနေကို ဦးကျော်မြင့်မောင်က အားမလို အားမရ ပြောပြပါတယ်။

“ နောက်တစ်ခါ တံဆိပ်ခေါင်းမှာ ငါးဆယ်လို့ ရိုက်လိုက်ရင် ဒီဥစ္စာလေးက ငါးဆယ်တန်သွားရော။ ငါးရာလို့ ရိုက်လိုက်ရင် ငါးရာတန်သွားရော။ နှစ်ထောင်လို့ ရိုက်လိုက်ရင် ဘယ်လောက်ကောင်းလဲ။ တံဆိပ် ခေါင်း လေးတွေရဲ့ တန်ဖိုးက ဘယ်လောက်မှ မရှိဘူး။ အဲ့ဒီပေါ်မှာ နှစ်ထောင်လို့ ရိုက်ပြီးတော့ ရောင်းစမ်းပါလေ ”လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ တံဆိပ်ခေါင်းစုဆောင်းတဲ့ ဝါသနာရှင်၊ ပညာရှင်တွေနည်းပါးလာတဲ့အပြင် တံဆိပ်ခေါင်း ထုတ်လုပ်မှုနည်းနေတာကြောင့် အခုခေတ် လူငယ်တွေအနေနဲ့ တံဆိပ်ခေါင်းစုဖို့ နေနေသာသာ တံဆိပ်ခေါင်း ဆိုတာ ဘာလဲလို့ မေးမြန်းတဲ့သူတွေတောင် ရှိတယ်လို့ ဆိုပါတယ်။

“ ဘာဖြစ်လို့ တံဆိပ်ခေါင်းဆိုတာ ဘာမှန်းမသိတာလဲဆိုတော့ စာပို့လုပ်ငန်းကလည်း ကျလာတယ်။ အခုခေတ် က အီလက်ထရောနစ်ခေတ်ဖြစ်နေပြီ။ အီးလ်မေးတွေ၊ ဖက်စ်တွေ၊ ဖေ့စ်ဘုတ်တွေ အသုံးများလာတယ်။ အပျော် အပါးအနေနဲ့ဆိုရင်လည်း တံဆိပ်ခေါင်းစုတဲ့အလုပ်ကို မလုပ်ကြတော့ဘူး။ အဲ့လိုလုပ်မယ့်အစား ဖေ့စ်ဘုတ် ထဲမှာ ဟိုကြည့်ဒီကြည့်လုပ်မယ်။ အင်တာနက်ဂိမ်းတွေကစားမယ်။ ဒါတွေလုပ်နေကြတယ်”လို့ ရယ်မောပြီး ဦးကျော်မြင့်မောင်က ပြောပါတယ်။

“ ဘာကွာလည်းလို့ တစ်ခုတော့ပြောလိုက်မယ်။ ဒီအင်တာနက်တွေထဲမှာ လုပ်နေတဲ့အရာတွေက ပုံရိပ်တွေ ပဲလေ။ အရှိတရားမဟုတ်ဘူး။ တံဆိပ်ခေါင်း၊ တခြားအရာတွေက အယ်လ်ဘမ်ထဲမှာ ထည့်ထားလို့ရတဲ့ပစ္စည်း။ ဟိုက အချိန်မရွေးပျောက်ကွယ်၊ ပျက်သွားနိုင်တယ်။ ဒါကတော့ အမြဲတမ်းကြည့်ပြီခံစားနိုင်တယ်” လို့ အခုလို့ ဆက်ပြောပြပါတယ်။

ဒေါက်တာ ဦးကျော်မြင့်မောင်ဟာ တံဆိပ်ခေါင်းတွေကို စုဆောင်းရင်းနဲ့ တံဆိပ်ခေါင်းနဲ့ ပတ်သက်တဲ့ စာအုပ် ၅ အုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။

အခုလိုရေးသားထုတ်ဝေခဲ့တဲ့ စာအုပ် ၅ အုပ်ထဲက “ မြန်မာ့တံဆိပ်ခေါင်းဝါသနာရှင်လက်စွဲ ”စာအုပ်နဲ့ ၂ဝ၁၄ ခုနှစ်မှာ ကမ္ဘာ့တံဆိပ်ခေါင်းအဖွဲ့ချုပ်က တောင်ကိုးရီးယားနိုင်ငံမှာ ကြီးမှူးကျင်းပခဲ့တဲ့ ကမ္ဘာ့တံဆိပ်ခေါင်း ပြပွဲကြီးမှာ ဒေါက်တာ ဦးကျော်မြင့်မောင်ဟာ ကြေးတံဆိပ်ဆုရရှိခဲ့ပါတယ်။

ဒေါက်တာ ဦးကျော်မြင့်မောင်ဟာ  စာအုပ်တွေ ရေးသားထုတ်ဝေခဲ့တဲ့အပြင် ကနေဒါ၊ သြစတေးလျနဲ့ အိန္ဒိယ နိုင်ငံထုတ် တံဆိပ်ခေါင်းဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ တံဆိပ်ခေါင်း ဆောင်းပါးတွေကို ရေးသားခဲ့သူတစ်ဦးပါ။ မြန်မာနိုင်ငံမှာလည်း ကလောင် အမျိုးမျိုးနဲ့ ရေးသားခဲ့တဲ့သူဖြစ်ပါတယ်။

ဒီလိုတွေ တံဆိပ်ခေါင်းတွေစု၊ စာပေတွေရေးသား၊ ဆောင်းပါးတွေရေးသားခဲ့တဲ့ ဦးကျော်မြင့်မောင်ဟာ မြန်မာနိုင်ငံရဲ့ တံဆိပ်ခေါင်းထုတ်လုပ်မှုပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း  မျှော်လင့်ချက်တစ်ခု ရှိနေပြန်ပါတယ်။

“ ဘူးသီးတောင်၊ မောင်တောမြို့အခြေအနေပုံစံလေးနဲ့ တံဆိပ်ခေါင်းတွေ ထုတ်လို့မရဘူးလား။ ပုဂ္ဂလိက ထုတ်ထား တာရှိတယ်။ အမေရိကန်ပုဂ္ဂလိကက နယူးယောက်အော့ဖ် မြန်မာနဲ့။ ဘင်္ဂလားဒေ့ရှ် နဲ့ နယ်စပ်ပိုင်း မြေပုံနဲ့ လည်း ထုတ်လို့ရတာပဲ။ နောက်တစ်ချိန်မှာ ငါတို့ပိုင်တာလေ။ အထောက်အထားပြဆိုရင် တံဆိပ်ခေါင်းက တစ်ကမ္ဘာလုံးပျံ့နေတာလေ။ ဒါကြောင့် နောက်တစ်ချိန်လည်း ပြနိုင်တယ်”လို့ ဦးကျော်မြင့်မောင်က သူရဲ့ မျှော်လင့်ချက်ကို အခုလိုပြောပြပါတယ်။

“ ဒါကြောင့် ကျွန်တော်တို့ကတော့ ထုတ်စေချင်တယ်။ မှန်တာထုတ်တာပဲလေ။ မဟုတ်တာလုပ်တာမှ မဟုတ် တာ ကိုယ့်နယ်မြေကိုယ်ထုတ်တာ။ အဲ့လိုထုတ်နိုင်ဖို့ကို ပေါ်လစီကိုတော့ နည်းနည်းလောက်လျှော့ပေးဖို့ လို မယ်လို့ ထင်တယ်” . .လို့ပြောရင်း သူစုဆောင်းထားတဲ့ တံဆိပ်ခေါင်းတွေကို တစ်စိမ့်စိမ့်ကြည့်ကာ ပီတိဖြစ်နေတာ တွေ့လိုက်ရပါတော့တယ်  ။     ။

Mizzima Weekly