ရန်ကုန်-မန္တလေး သင်္ကြန်အထူးရထား ၄ စီးအထိ တိုးချဲ့ပြေးဆွဲပေးမည်

ရန်ကုန်-မန္တလေး သင်္ကြန်အထူးရထား ၄ စီးအထိ တိုးချဲ့ပြေးဆွဲပေးမည်

 

ရန်ကုန်၊ ဧပြီ ရရက် ။          ။ ၂၀၁၈ခုနှစ် သင်္ကြန်အကြိုကာလနှင့် သင်္ကြန်အပြီးကာလများတွင် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွက် အထူးရထား ၄ စီး ပြေးဆွဲပေးမည် ဖြစ်ပြီး လက်မှတ်များကို ဧပြီလ ရ ရက်နေ့မှ စတင်ရောင်းချနေပြီ ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ယခင်နှစ်က သင်္ကြန်အထူးရထား နှစ်စီး ပြေးဆွဲခဲ့ပြီး ယခုနှစ်အတွက် ဧပြီလ ၁၀ရက်နေ့မှ စတင်ပြီး သင်္ကြန်အထူးရထား လေးစီး ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးဉာဏ်လင်းစိုးက ပြောသည်။

လက်မှတ်ဝယ်ယူလိုသူများအနေဖြင့် အထက်တန်းလက်မှတ်အတွက် ၃ ရက်ကြိုဝယ်ယူနိုင်ပြီး ရိုးရိုးတန်း လက်မှတ်အတွက် ၁ရက်ကြိုတင် ၀ယ်ယူနိုင်မည်ဖြစ်သည်။

"မနှစ်ကနဲ့ ဒီနှစ်ကွာခြားချက်ကတော့ မနှစ်ကတုန်းက အထူးရထားနှစ်စီးပဲပြေးနိုင်တယ်ပေါ့။ ဒီနှစ်ကတော့ အထူးရထားကို လေးစီးပေါ့ ၁၀ ရက်၊ ၁၁ရက်၊ ၁၂ရက်၊ ၁၃ ရက်ရယ်စီစဉ်ထားတယ် ။ နှစ်စီး ပိုသွားတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် ချောင်လည်သွားမှာပေါ့နော် ။ ရထားလက်မှတ်တွေလုပ်ပေးရတာ သွားချင်တဲ့ နေရာလေးတွေ သွားချင်တဲ့အချိန်လေးတွေ ရွေးလို့ရသွားတာပေါ့ဗျာ "ဟု လက်ထောက်ကြီးကြပ်ရေးမှူး ဦးဉာဏ်လင်းစိုးက ပြောသည်။

ဧပြီလ ၁၀ ရက်နေ့ ဧပြီလ ၁၃ ရက် အထိ၊ ဧပြီလ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန်-မန္တလေး အစုန်/အဆန် သင်္ကြန်အထူးရထားများအား တိုးကြောင်ကလေး ၊ ပဲခူး၊  တောင်ငူ၊ ပျဉ်းမနား၊  နေပြည်တော် ၊ သာစည်ဘူတာ များတွင် ရပ်တန့်ပေးမည် ဖြစ်သည်။

သင်္ကြန်အထူးရထားများ၏ ရထားလက်မှတ်ခများကို ခရီးစဉ် အစ၊ အဆုံး ရိုးရိုးတန်း ၄၆၅၀ကျပ်၊ အထက်တန်း ၉၃၀၀ကျပ် နှင့် အထက်တန်းအိပ်စင် ၁၂၇၅၀ကျပ် သတ်မှတ် ရောင်းချပေးသွားမည်ဖြစ်သည်။

ခရီးစဉ်ကြာချိန်အနေဖြင့် ရန်ကုန်ဘူတာကြီးမှ မန္တလေးသို့ထွက်ခွာမည့် သင်္ကြန်အထူးရထားသည် ညနေ ၄နာရီတွင် ထွက်ခွာကာ မန္တလေးသို့ နံနက် ၆နာရီတွင် ရောက်ရှိမည် ဖြစ်သည်။ မန္တလေး-ရန်ကုန် သင်္ကြန် အထူးရထား ညနေ ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ နံနက် ၈ နာရီ ၂၀ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့မှ ၁၃ရက်နေ့အထိ သင်္ကြန်မတိုင်မှီကာလအတွင်း ရန်ကုန်မှ အခြားဒေသများသို့ ရထားဖြင့် သွားရောက်သည့် ခရီးသည်စုစုပေါင်း ၁၂,၄၉၄ ဦး ရှိခဲ့ကြောင်း မြန်မာ့မီးရထား၏ စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly