ဖားကန့် တံတားညီနောင် ၌ တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ် ၊ အကျအဆုံးများရှိနေ

ဖားကန့် တံတားညီနောင် ၌ တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ် ၊ အကျအဆုံးများရှိနေ

 

ရန်ကုန် ၊ ဧပြီ ရ ။          ။ ဖားကန့်လမ်းပေါ် တံတားညီနောင်၌ ယမန်နေ့ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIA ဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"တိုက်ပွဲဖြစ်တာတော့ ဟုတ်ပါတယ်။ မနေ့က မနက်ပိုင်းမှာ တံတားညီနောင်ဆိုတဲ့ နေရာပေါ့နော် ဖားကန့် လမ်းပေါ်မှာ တိုက်ပွဲဖြစ်တာပေါ့။ မနက် ၅ နာရီခွဲကနေ ၆ နာရီ ကျော်ကျော်အထိ ဖြစ်ခဲ့တာပါ။ ညနေပိုင်းကတော့ အဲ့နေရာကို ဟယ်လီကော်ပတာနဲ့ လာပြီး ဗုံးကြဲတိုက်ခိုက်တာတော့ရှိပါတယ်" ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးတစ်ဦးအပါအဝင် အကျအဆုံးများ ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယင်းအကျအဆုံးများနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ ဗိုလ်ချုပ်ထွန်းထွန်းညီက "ဒေတာအချက်အလက် အတိအကျမရသေးလို့ပါ " ဟု ပြန်လည်ဖြေဆိုခဲ့သည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဖားကန့်လမ်းပေါ်၌ ယာဉ်အစီးရေး ရာနှင့်ချီ ပိတ်ဆို့ခဲ့သည်ဟုလည်း သိရသည်။

"ညနေပိုင်းမှာတော့ တိုက်ပွဲဖြစ်တဲ့နေရာမှာ တပ်မတော်ဘက်က နေရာပြန်ယူထားတယ်လို့ကြားတယ် အတိအကျတော့ မသိရသေးပါဘူး၊ ကားလမ်းတွေ ပြန်ပွင့်ပါပြီ။ ကျဆုံးတဲ့ ရဲဘော်တွေ သိမ်းဆည်းရမိတဲ့ စစ်လက်နက်တွေတော့ မသိရဘူး။ စစ်ဖက်ဆိုင်ရာရုံးမှာပဲ ရှိမှာပါ"  ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

တပ်မတော်နှင့် KIA အကြားတွင် ယခုရက်ပိုင်းအတွင်း မကြာခဏ ဆိုသလို တိုက်ပွဲများဖြစ်ပွားနေပြီး ကချင်ပြည်နယ် တနိုင်းဒေသဘက်တွင်လည်း KIA ဘက်မှ တပ်မတော်အား   ပျောက်ကြားစစ်နှင့် ပြန်လည်တိုက်ခိုက်မည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly