ကြက်များအပေါ် ရက်စက်သည့် ဗီဒီယိုပေါ်ထွက် လာပြီးနောက် မက်ဒေါနယ်နှင့် Tyson Foods ကုမ္ပဏီတို့ မွေးမြူရေးခြံနှင့် လုပ်ငန်းအဆက်ဖြတ်

ကြက်များအပေါ် ရက်စက်သည့် ဗီဒီယိုပေါ်ထွက် လာပြီးနောက် မက်ဒေါနယ်နှင့် Tyson Foods ကုမ္ပဏီတို့ မွေးမြူရေးခြံနှင့် လုပ်ငန်းအဆက်ဖြတ်

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၈ ။            ။ မွေးမြူရေးခြံလုပ်သားများက ကြက်များကို တုတ်တွင်တပ်ထားသော သံစူးချိတ်ဖြင့် ထိုးခြင်း၊ ရိုက်ခြင်းနှင့် ခြေဖြင့်နင်းခြင်းတို့ပြုလုပ်နေသည်ကို တိရစ္ဆျာန် အခွင့် အရေးလှုပ်ရှားသူတို့က ရိုက်ကူးထားသည့် ဗီဒီယိုပေါ်ထွက် လာပြီးနောက် မက်ဒေါနယ်ကော်ပိုရေးရှင်းနှင့် Tyson Foods ကုမ္ပဏီတို့က တင်နက်ဆီရှိ အဆိုပါမွေးမြူရေးခြံနှင့် လုပ်ငန်းအဆက် အသွယ်ဖြတ်လိုက်သည်။

လော့စ်အိန်ဂျလိစ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တိရစ္ဆျာန်အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Mercy For Animals က ပြသခဲ့သည့် ဗီဒီယိုတွင် ကြက်များအပေါ်အော်ဂလီ ဆန်လောက်အောင် ရက်စက်ယုတ်မာမှုကို ဖော်ပြထားသည်။ တင်နက်စီပြည်နယ် ဂျုခ်ဒွမ်ရှိ T&S Farm မွေးမြူရေးခြံသည် Tyson Foods ကုမ္ပဏီနှင့် ကန်ထရိုက်စာချုပ်ဖြင့် လုပ်ငန်းဆောင် ရွက်နေကြောင်းလည်း ၎င်းအုပ်စုက ပြောကြားခဲ့သည်။ Tyson သည် ကမ္ဘာ့အကြီးဆုံးအမြန်ရအစားအစာဆိုင်များစွာဖွင့်ထားသည့် မက်ဒေါ်နယ်သို့ ၎င်း McNuggets ကြက်ကြော်တစ်မျိုးအတွက် ကြက်များ ပေးသွင်းနေသူဖြစ်သည်။

ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ သုံးသပ်ချက်တောင်းရန် ဆက်သွယ်ခဲ့သော်လည်း T&S Farm မှကိုယ်စားလှယ်များနှင့် အဆက်အသွယ်မရခဲ့ပေ။ " တိရစ္ဆျာန်သာယာဝပြောရေးက ကျွန်တော်တို့ ကုမ္ပဏီမှာ ဦးစားပေးပါ။ အခုဗီဒီယိုထဲမှာလို တိရစ္ဆျာန်တွေအပေါ်ပြုကျင့်တာမျိုး ကျွန်တော်တို့ သည်းခံမှာ မဟုတ်ပါဘူး" ဟု Tysonမှ ပြောခွင့်ရပုဂ္ဂိုလ် ဝါ့သ်စပါ့ခ်မဲန် ကပြောသည်။

"ကျွန်တော်တို့ရဲ့ တိရစ္ဆျာန်သာယာဝပြောရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေဟာ အခုကျွန်တော်တို့သိထားတာအပေါ် အခြေခံပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ ကျွန်တော်တို့အတွက် ကြက်တွေမွေးပေးတဲ့ အဲဒီမွေးမြူရေးခြံနဲ့လည်း ကန်ထရိုက်ဖျက်သိမ်းမှာပါ"ဟု စပါ့ခ်မဲန်ကဆိုသည်။ ထို့အပြင် လောလောဆယ် ခြံတွင်ကြက်မရှိဟု လည်း၎င်းကပြောသည်။ မက်ဒေါ်နယ်ကလည်း Tyson ၏ဆုံးဖြတ်ချက် ကိုထောက်ခံကြောင်း ကြေညာချက်ထုတ်ခဲ့ပြီး ဗီဒီယိုထဲမှ နှိပ်စက်မှုမျိုးလုံးဝလက်မခံဟု ပြောကြားခဲ့သည်။

Tysonနှင့် လက်တွဲကာ နောက်ထပ်စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု မက်ဒေါ်နယ်ကပြောသည်။

ရဲတပ်ဖွဲ့လည်း ကြက်ခြံကို စုံစမ်းစစ်ဆေးမှုစတင်ပြုလုပ်နေပြီဖြစ်သည်။ Mercy For Animals မှလှုပ်ရှားတက်ကြွသူများသည် ယင်းကြက်ခြံမှ လုပ်သားများ ကြက်အပေါ်ရက်စက်စွာပြုမူနေသည်ကို သုံးပတ်ကြာ မှတ်တမ်းရိုက်ကူးခဲ့သည်။

ခင်ဗျားက PETA (တိရစ္ဆျာအခွင့်အရေးစောင့်ရှောက်သည့်အဖွဲ့)အဖွဲ့ကမဟုတ်ဖူးမို့လားဟု ကြက်ခြံမှလုပ်သားတစ်ဦးက Mercy For Animals မှကိုယ်စားလှယ်တစ်ဦးကို မေးမြန်းသံအား ဗီဒီယိုမှ ကြားရသည်။ ထို့နောက် ၎င်းလုပ်သားက ကြက်တစ်ကောင်ကို သံစူးချွန်တပ်ထားသည့် တုတ်ဖြင့် အကြိမ်ကြိမ်ရိုက်နှက်တော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly