ပုဂ္ဂလိကဆေးခန်းများ ရန်ကုန်တိုင်းအစိုးရက ရှောင်တခင် ၀င်စစ်

ပုဂ္ဂလိကဆေးခန်းများ ရန်ကုန်တိုင်းအစိုးရက ရှောင်တခင် ၀င်စစ်
ဓာတ်ပုံ - Yangon Region Government

 

ရန်ကုန် ၊ မတ် ရ ။        ။ ရန်ကုန်မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဆေးခန်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ပြီး တရားမဝင်ဆေးကုသပေးနေသည်ဟု ယူဆရသော တရုတ်နိုင်ငံသား ပတ်ပိုစ့် ကိုင်ဆောင်သူ တစ်ဦးအား တွေ့ရှိခဲ့ကာ အရေးယူမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ မတ်လ ၆ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ဦးဆောင်သည့် အဖွဲ့မှ ကြည့်မြင့်တိုင်မြို့နယ်(စင်ကာပူဆေးခန်း)၊ လမ်းမတော်မြို့နယ်(Sun Clinicနေဝန်းဆေးခန်း)၊ ဗိုလ်တစ်ထောင်မြို့နယ် (တိုကျိုဆေးခန်း)နှင့် လသာမြို့နယ်(Thailand ဆေးခန်း) တို့ကို ၀င်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့စစ်ဆေးစဉ် လမ်းမတော်မြို့နယ်(Sun Clinic နေဝန်းဆေးခန်း) ၌ တရားမဝင် ဆေးကုသပေးနေသည့် တရုတ်နိုင်ငံသားပတ်ပို့စ် ကိုင်ဆောင်သူတစ်ဦး နှင့် FDA ထောက်ခံချက် ရရှိခြင်းမရှိသေးဟု ယူဆရသော ဆေးဝါးများ ၊ စက်ပစ္စည်းများကို တွေ့ရှိခဲ့ပြီး အမျိုးသားဆေးဝါးဥပဒေ၊ ပုဂ္ဂလိကဆေးခန်းဥပဒေအပြင် မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေများဖြင့် တရားစွဲဆိုအရေးယူနိုင်ရေး ဆောင််ရွက်နေသည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆေးခန်းများအားပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီက ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားမဝင် နိုင်ငံခြားသားဆေးကုသသူများ တရားမဝင်ဆေးကုသပေးခြင်းရှိမရှိ၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်း လိုင်စင်ရှိမရှိ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီဆောင်ရွက်ခြင်းရှိမရှိ၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်း၊စည်းကမ်းများအား လိုက်နာခြင်းရှိမရှိ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုစစ်ဆေးခဲ့သော ဆေးခန်းများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ကိုယ်စားလှယ်များက စစ်ဆေးကြပ်မတ်ရန် ရှိမရှိ မေးခွန်းများ မေးမြန်းခဲ့ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ စစ်ဆေးသွားမည်ဟု ပြန်လည်ဖြေကြားခဲ့ခြင်းများ ရှိခဲ့သည်။

ပုဂ္ဂလိကဆေးခန်းများကို  ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စစ်ဆေးနေသော်လည်း မန္တလေးတိုင်းဒေသကြီးတွင် တရားမဝင်ဆေးကုသနေမှုများအား စစ်ဆေးကြပ်မတ်ပေးရန်တိုက်တွန်းကြောင်း အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် အဆိုရှုံးနိမ့်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly