ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုများ အမေရိကန် ချမှတ်

ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုများ အမေရိကန် ချမှတ်

 

ဧပြီ ရ ။             ။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် နီးစပ်သည့် လူနည်းစုအသိုင်းအဝိုင်းအုပ်စုတစ်စုအပေါ် အမေရိကန်က အရေးယူဒဏ်ခတ်မှုများ ဧပြီ ၆ ရက်က ချမှတ်လိုက်ကြောင်း သိရသည်။

ရုရှားတွင် နိုင်ငံရေးနှင့်ပတ်သက်နေသည့် အသိုင်းအဝိုင်းက သြဇာကြီးမားသော ပုဂ္ဂိုလ်တစ်ချို့နှင့် ၎င်းတို့ခြယ်လှယ်နေလျက်ရှိသည့် လုပ်ငန်းကုမ္ပဏီများ ယခုအမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲတွင် ပါ၀င်လာခဲ့သည်။

ယင်း အရေးယူပိတ်ဆို့မှုများနှင့်အတူ ယခုအခါ အမေရိကန်-ရုရှား နှစ်နိုင်ငံအကြား သံခင်းတမန်ခင်း အကျပ်အတည်းတစ်ရပ် ပေါ်ပေါက်ထားစေခဲ့ပြီးဖြစ်ရာ လက်ရှိအခြေအနေမှာ စစ်အေးခေတ်သစ်တစ်ခုကို ရောက်လာခဲ့ပြီဖြစ်ကြောင်း တစ်ချို့က ပြောဆိုနေကြလျက်ရှိသည်။

ယခုတစ်ကြိမ် အမေရိကန် ဆန်ရှင်ထိခဲ့သူများထဲတွင် ရုရှားအစိုးရအတွက် အလုပ်လုပ်ပေးနေသည်ဟု အသံထွက်နေသည့် သတ္ထုလုပ်ငန်းရှင်ကြီး အိုလက်ဂ် ဒါရီပက်စ်ကာ အပါအဝင် နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီကြီး Gazprom ၏ ဒါရိုက်တာ အလက်ဇိုင် မီလာ တို့ ပါ၀င်နေသည်။

ယခုအခါ ဆန်ရှင်ကြောင့်  အမေရိကန် တရားစီရင်ပိုင်ခွင့်အောက် ကျရောက်နေသည့် ဧရိယာနယ်ပယ်များတွင် ထိန်းသိမ်းထားသော ၎င်းတို့၏ ပိုင်ဆိုင်မှုများ ယခုအချိန်မှစ၍ ထိန်းချုပ်ခံလိုက်ရပြီ ဖြစ်သည်။

၎င်းတို့အပြင် ရုရှားလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သော ဆူလေမန် ကာရီမော့ဗ် နှင့် ပူတင်၏ သားမက်ဟု သိရသော ဘီလျံနာသူဌေး ကီရီလ် ရှာမယ်လော့ဗ်တို့လည်း ပါ၀င်သည်ဟု သိရသည်။

စုစုပေါင်းအားဖြင့် ရုရှားနိုင်ငံရှိ သြဇာကြီး ပုဂ္ဂိုလ် ခုနစ်ဦး၊ ၎င်းတို့ ထိန်းချုပ်ထားသော ကုမ္ပဏီ ၁၂ ခု၊ ရုရှား အစိုးရအရာရှိကြီး ၁၇ ဦးနှင့် နိုင်ငံပိုင် လက်နက်တင်ပို့မှုကုမ္ပဏီ Roso boronexport တို့  ယခုတစ်ကြိမ် ဆန်ရှင်ချမှတ်ခံရသူများထဲတွင် ပါ၀င်သွားခဲ့သည်။

ရုရှားအစိုးရ ကမ္ဘာတစ်ဝှမ်းတွင် လုပ်ဆောင်ထားခဲ့သည်များနှင့် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည့် ဆိုးရွားသည့် လုပ်ရပ်များအပေါ် တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ အရေးယူမှုများ အမေရိကန်ဘက်က ချမှတ်ရခြင်းဖြစ်ကြောင်း အိမ်ဖြူတော် အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly