ကလေးသူငယ် အခွင့်အရေးများကိစ္စ အမတ်လောင်းများနှင့် ကလေးလူငယ် များဆွေးနွေး

ကလေးသူငယ် အခွင့်အရေးများကိစ္စ အမတ်လောင်းများနှင့် ကလေးလူငယ် များဆွေးနွေး
Photo - ဇော်ခမ်းဟိန်း

သြဂုတ် ၂၈ ။        ။ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အသက် ၁၂-၁၈ နှစ် အကြား ကလေးလူငယ် ၅၀ ဦးတို့ ရန်ကုန်မြို့ Park Royal Hotel ၌ သြဂုတ် ၂၈ ရက် တွင်တွေ့ဆုံဆွေးနွေးကြသည်။

တက်ရောက်လာသည့် ကလေးလူငယ်များတွင် မသန်စွမ်းသူ၊ ကျောင်းတက်နေသူ၊ ကျောင်းပြင်ပ ရောက်နေသူများ ပါဝင်ပြီး ကျန်းမာရေးနှင့် အဟာရ၊ ပညာရေး၊ မူးယစ်ဆေး၊ ကလေးလုပ်သား၊ ကလေး သူငယ်အခွင့်အရေးနှင့် ဥပဒေ စသည်တို့ ဆွေးနွေးခဲ့သည်။

UNICEF နှင့် NCRWG အဖွဲ့တို့က ရွေးကောက်ပွဲကော်မရှင်နှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်သည့် ''ရွေးကောက်ပွဲ တွင် အောင်နိုင်မည့်သူသည် ကလေးသူငယ် များဖြစ်စေဖို့တောင်းဆိုကြ ပါစို့''ခေါင်းစဉ်ဖြင့် ကလေးလူငယ် ၅၀ တက် ရောက်သည်။

နိုင်ငံရေးပါတီ ၉၀ ကိုဖိတ်ကြားသော်လည်း ၅၂ ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ကလေးသူငယ်များ၏ အခွင့်အရေးကို နောင်အစိုးရ ဖြစ်လာမည့် ပါတီကိုယ်စားလှယ်လောင်းများ သိရှိရန်နှင့် ကလေးများကိုယ်တိုင် တောင်းဆိုတတ်ရန် ရည်ရွယ်ပြီး ကျင်းပဖြစ်ခဲ့သည်ဟု NGO Child Rights Working Group - NCRWG အဖွဲ့ဝင် ဒေါ်ခင်ခင်ထွေး (Heart of Youth-ဒါရိုက်တာ) က မဇ္ဈိမသို့ ပြောသည်။

''အခုတက်လာတဲ့ပါတီတွေက နောင်ကိုယ်စားလှယ် ဖြစ်လာခဲ့မယ်ဆိုရင် ကလေးသူငယ်အခွင့်အရေးတွေ ပါတီမူဝါဒမှာ ထည့်သွင်းပေးဖို့ တောင်းဆိုထားပါတယ်။ ကလေးတွေတောင်းဆိုတာ ဘယ်လိုဖြည့်ပေးမလဲ။ တကယ်ရော လုပ်ပေးကြမလားဆိုတာ စောင့်ကြည့်သွားမှာပါ။'' ဟု၎င်းကပြောသည်။

တက်ရောက်လာသည့် ကလေးတစ်ဦးက မူးယစ်ဆေးဝါးဥပဒေများကို ပိုမိုအသက်ဝင်လိုသည်ဟု သူ၏ ဆန္ဒကိုပြောသည်။

''မူးယစ်ဆေး အန္တရာယ်ကို ပြည်သူတွေများများသိအောင် ဓါတ်ပုံတွေ၊ သတင်းတွေ၊ လူစည်တဲ့နေရာ မှာ ဆိုင်းဘုတ်တွေနဲ့ ပြဖို့ မီဒီယာတွေမှာ များများဖော်ပြဖို့ ဥပဒေကို ဒီထက်ပိုပြီး အသက်ဝင်စေချင် တယ်။ ထိထိရောက်ရောက် အရေးယူစေချင်တယ်။'' ဟု တင်ပြတောင်းဆိုခဲ့သည်။

ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးထွယ်နော်ကလည်း မငြိမ်မသက် ဖြစ်နေသည့် ဒေသများနှင့် ရေဘေးသင့်ဒေသများမှ ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေး ပြဿနာများကို တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်ပေးမည်ဟု ပြောသည်။

ယခင်က လူ့အခွင့်အရေးကိစ္စကို ပြောဆိုရန်ခက်ခဲပြီး ယနေ့ချိန်တွင် လူကြီးအခွင့်အရေးသာမက ကလေးသူငယ် အခွင့်အရေးပါ တောင်းဆိုခွင့်ရလာပြီး အဓိကတာဝန်ရှိသူများ၏ စိတ်ဓါတ်ပိုင်းပြုပြင်ပြောင်းလဲရန်လိုကြောင်း Save The Children မှ ဦးအောင်ကျော်မိုးက ပြောကြားသည်။

ဆွေးနွေးပွဲတက်ရောက်သူ နိုင်ငံရေးသမားတစ်ဦးကလည်း ''ကလေးတွေ များများပြောပါ။ ဒါမှလူကြီးတွေသိမယ်။ လူကြီး ဆိုတာအာဏာပိုင်ကို ပြောတာ။ တချို့က သိတယ်၊ မသိချင်ယောင်ဆောင်နေ တယ်။ သူတို့စိတ်ဓါတ်တွေ အရင်ပြောင်းလဲ ဖို့လိုတယ်'' ဟု ဝေဖန်ပြောဆိုသည်။

UNICEF သည် မြန်မာနိုင်ငံ၌ ၁၉၅၀ ခုနှစ်မှ စတင်ဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။ အစိုးရနှင့် လူမှုအခြေစိုက်အဖွဲ့များ နှင့် ပူးတွဲပြီး ကလေးသေဆုံနှုန်းလျော့ချရေး၊ ကလေးများ အရည်အသွေးပြည့် ဝသောပညာရေးကို သင်ကြားနိုင်စေရေးနှင့် ကလေးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး စသည်တို့ကို ဆောင်ရွက်နေသည်။

NCRWG-NGO Child Rights Working Group ကို မြန်မာနိုင်ငံအတွင်းရှိ ကလေများ၏ အခွင့်အရေးကို ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ Save the Children၊ World Vision၊ Pestalozzi အဖွဲ့များ၊ အခြားလူမှုရေးအဖွဲ့များနှင့်ပေါင်းစု၍ ၂၀၀၉ ခုနှစ် တွင် ဖွဲ့စည်းခဲ့သည်။ ယခုလက်ရှိ အဖွဲ့ဝင် ၅၀ ခန့်ဖြင့် ပူးပေါင်းဆောင်ရွက်နေရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly