သမိုင်းပါရဂူ ဒေါက်တာ သန်းထွန်း၏ ၉၅ နှစ်မြောက် မွေးနေ့ “တောင်လေးလုံး ကွန်သာယာ စာတမ်းဖတ်ပွဲ"

သမိုင်းပါရဂူ ဒေါက်တာ သန်းထွန်း၏ ၉၅ နှစ်မြောက် မွေးနေ့ “တောင်လေးလုံး ကွန်သာယာ စာတမ်းဖတ်ပွဲ"

သမိုင်းပါရဂူ ဒေါက်တာ သန်းထွန်း၏ ၉၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် "တောင်လေးလုံး ကွန်သာယာ စာတမ်းဖတ်ပွဲ"ကို ဧပြီလ ၆ ရက်၊နံနက် ၁၀ နာရီက မန္တလေးမြို့၊ အမရပူရအင်းစောင်းရှိ ဆရာကြီး ဂူဗိမာန် ထားရှိရာ ကွန်သာယာရင်ပြင်တွင် တောင်လေးလုံးချစ်သူများအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့သည်။

ဆရာကြီးသည် ၁၉၂၃ ခုနစ် ဧပြီ ၆ ရက်နေ့တွင် ဧရာဝတီတိုင်းပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြိုနယ် ၊ဒေါင့်ကြီးရွာ နေ အဖ ဦးဘိုးတွေ၊ အမိ ဒေါ်သင်တို့ ကမွေးဖွားပြီး သားသမီး ၅ ယောက်တွင် ဒုတိယသားဖြစ်ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၃၀ရက်တွင် လူထုဒေါ်အမာမွေးနေ့သို့လာရင်း မန္တလေးတွင် အနိစ္စရောက်ခဲ့သဖြင့် တောင်လေးလုံး ကွန်သာယာတွင် အုတ်ဂူတည် သဂြိုဟ်ခဲ့သည်။

"ဆရာကြီးက တောင်လေးလုံးကို ချစ်မြတ်နိုးတယ်။ မန္တလေးမှာ နေတော့လည်း တောင်လေးလုံးလာတယ်။ ရဟန်းခံတာတောင် တောင်လေးလုံးမှာပါ။ ဆရာကြီး သက်ရှိထင်ရှားရှိတုန်းကလည်း တောင်လေးလုံးမှာ ပဲ မွေးနေ့ကျင်းပပါတယ်။ စာတမ်းဖတ်ပွဲကတော့ ရံဖန််ရံခါမှ လုပ်ဖြစ်ခဲ့ရာက ခု ၉၅ နစ်ပြည့်ကစပြီးတော့ စာတမ်း ဖတ်ပွဲတွေ ဆက်လက်ကျင်းပမယ် "ဟု ကိုအောင်မြင့်ဦး(တောင်လေးလုံးချစ်သူများအဖွဲ့)က ပြောသည်။

ယခုကဲ့သို့ နှစ်စဉ်ကျင်းပကာ စာတမ်းများဖတ်ကြားမည်ဖြစ်ပြီး ၄င်းစာတမ်းများကို တည်းဖြတ်၍ စာအုပ်ထုတ် သွားရန် အစီအစဉ်ရှိကြောင်း၊ ဖတ်ကြားခဲ့သည့် စာတမ်းရှင် ၄ ဦးမှာ ရွှေချည်ထိုး ဦးစိန်မြင့်၊ အငြိမ်းစားသမိုင်းပါမောက္ခ ဦးနီတွတ်၊ကဗျာဆရာ နေယု၊ကိုအောင်မြင့်ဦး(တောင်လေးလုံးချစ်သူများအဖွဲ့) တို့ဖြစ်ကြောင်းသိရသည်။

"ကျွန်တော်က ကွန်သာယာပေးစာများစာတမ််းဖတ်မယ်။ တောင်လေးလုံးနေခဲ့တဲ့ ဆရာကြီးက တောင်လေးလုံးနဲ့ ပတ်သက်လို့ ပေးစာများရှိတယ်။ အဲဒါတွေက ဆရာကြီးရေးခဲ့တဲ့စာအုပ်တွေ ဆောင်းပါးတွေထဲမှာ မပါသေးလို့ ထုတ်နုတ်ဖတ်ကြားသွားမှာပါ ”ဟု ၄င်းက ပြောသည်။

စာတမ်းဖတ်ပွဲတွင် အခမ်းအနားမှူး ဆရာသင့်နော်က"ဒီနေ့ပွဲကတော့ ဆရာကြီး ဒေါက်တာ သန်းထွန်း လဲလျောင်းရာ ဂူဗိမာန်ကျောင်းထဲမှာ ကျင်းပတာပါ။ ဆရာကြီးကို ဂုဏ်ပြုတဲ့အနေနဲ့့ အသစ်တွေ့ရှိတဲ့ စာတမ်း(၄) စောင့်ဖတ်တယ်။ ဆရာကြီးကိုယ်တိုင်ရေးသားတဲ့ ဆရာကြီးအကြောင်း ဖတ်ကြားခဲ့ပါတယ်။”ဟု ပြောသည်။

ကဗျာဆရာ ကိုလေး(အင်းဝ ဂုဏ်ရည်)က "သူမရှိတော့တာဟာ သမိုင်းအတွက် အကြီးမားဆုံး ရှုံးဆုံးမှုပဲ။ အင်မတန် လွမ်းရပါတယ်"ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly