မွန်ပြည်သစ်ပါတီ၏ မွန်လူထုတွေ့ဆုံပွဲ ကို ရေးချောင်းဖျားရှိ ညီစားစခန်းတွင်ပြုလုပ်မည်

မွန်ပြည်သစ်ပါတီ၏ မွန်လူထုတွေ့ဆုံပွဲ ကို ရေးချောင်းဖျားရှိ ညီစားစခန်းတွင်ပြုလုပ်မည်

ရန်ကုန် ၊ ဧပြီ ၆ ။         ။ မွန်ပြည်သစ်ပါတီ၏ အကြိုလူထုတွေဆုံပွဲကို မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေး ဗဟိုဌာန အခြေစိုက်ရာ ညီစားစခန်း၌ လာမည့် ဧပြီလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမည် ဟု ကျင်းပရေးကော်မတီ၏ ဖိတ်ကြားစာအရ သိရသည်။

အဆိုပါ ကျင်းပမည့် မွန်ပြည်သစ်ပါတီ၏ အကြိုလူထုတွေ့ဆုံပွဲကို တက်ရောက်ရန် ကျင်းပရေးကော်မတီမှ ဖိတ်ကြားထားသည်ဟု မွန်သတင်းအေဂျင်စီအယ်ဒီတာချုပ် နိုင်ဗညားအောင်က မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှု ကို အတည်ပြုဖြေဆိုခဲ့သည်။

"လူထုတွေ့ဆုံပွဲကို မွန်အမျိုးသားပညာရေးဗဟိုဌာန အခြေစိုက်ရာ ရေးချောင်းဖျားဒေသ ညီစားစခန်းတွင် 9-10-11/4/ 2018 ၃ ရက်ကြာကျင်းပမည်ဖြစ်သည့်အတွက် 8/4/ 2018 ရက်နေ့ အရောက် လာရောက်ပေးပါရန် ဘိတ်ကြားအပ်ပါသည်" ဟု ကျင်းပရေးကော်မတီ၏ ဖိတ်ကြားစာတွင်ရေးသားထားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အား လက်မှတ်ရေး ထိုးပြီးနောက် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခွင့်များရရှိထားပြီး ယင်းဆွေးနွေးပွဲများ မကျင်းပမီ လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ကြိုးစားနေခြင်းလည်းဖြစ်သည်။

အဆိုပါအကြိုလူထုတွေ့ဆုံပွဲများကို မွန်ပြည်နယ်အတွင်းပြုလုပ်ပါက လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရှိနေသော်လည်း ကရင်ပြည်နယ်အတွင်းပြုလုပ်မည့် နေရာသုံးခု၌ လူဦးရေ ၄၀ ထက်မပိုဘဲ ပြုလုပ်ရမည်ဟု တပ်မတော်ဘက်မှ တားမြစ်ခြင်းများ ရှိနေသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS) နှင့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ(ALP) တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော်လည်း အကြိုလူထုတွေ့ဆုံပွဲများ ၊ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပခွင့် မရရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly