သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေး ဆွေးနွေး

သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေး ဆွေးနွေး

 

ရန်ကုန်၊ ဧပြီ ၆ ။             ။ အစိုးရမှ ကျန်းမာရေးစောင့်ရှောက်ပေးမှုအစီစဉ်များကို ရပ်ရွာအတွင်းရှိသက်ကြီးများအကြား ပိုမို ချိတ်ဆက်နိုင်စေရန် ရည်ရွယ်ပြီး အခမ်းအနားတစ်ရပ်ကို ဧပြီလ ၆ရက်နေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းတွင် ကျင်းပခဲ့သည်။

" မြန်မာနိုင်ငံမှာကျန်းမာရေးစောင့်ရှောက်မှုက တခြားနိုင်ငံတွေနဲ့ယှဉ်ရင် တစ်နို်င်ငံလုံးကို မလွှမ်းခြံုနိုင် သေး ပါဘူး။ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ဖို့အတွက် စိန်ခေါ်မှုတွေ လိုအပ်ချက်တွေ ရှိနေဆဲပါ။ အစိုးရ အနေနဲ့ ကျန်းမာရေးစောင့်ရှောက်ရေးဝန်ဆောင်မှုပေးဖို့အတွက် ပစ္စည်းကိရိယာ တွေတင်မကဘဲ ကျွမ်းကျင် လုပ်သားတွေကို လေ့ကျင့်ပေးမလဲဆိုတာရယ်ကို ကြိုးစားဆောင်ရွက်နေ ပါတယ်။ ကျွမ်းကျင်လုပ်သားတွေ လူ့အသိုင်းအဝိုင်းကြားမှာရှိနေရင် နိုင်ငံတွင်းက လူတိုင်းကျန်းမာရေး စောင့်ရှောက်မှုကို ရနိုင်မှာဖြစ်ပါတယ် " ဟု အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ   စောင့်ရှောက်ရေး အဖွဲ့(Help Age International) မှ ဌာနေညွှန်ကြားရေးမှူး ဂေါဒ်ဖရက်ပေါလ်(Godfred Paul) က ပြောသည်။

နိုင်ငံတော်မှဆောင်ရွက်ပေးထားသည့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ ရရှိထားသည့်အပိုင်းများ လိုအပ်နေသေးသည့်အချက်များကို ဆွေးနွေးသွားခဲ့ပြီး ရရှိလာသည့်အချက်အလက်များကို သက်ဆိုင်ရာဌာနများကို ပြန်လည်ပေးပို့သွားမည်ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေ သည် (၂,၈၉၇,၅၆၃)ဦး လူဦးရေစုစုပေါင်း၏ ၅ ဒဿမ ၈ ရာခိုင်နူန်းရှိနေသည်။

"ဒီနေ့အတွက်ဆောင်ပုဒ်က Help For All ဒါကတော့ ဒီနှစ်အတွက် WHO ရဲ့ဆောင်ပုဒ်ပါ ။ နိုင်ငံတကာ ကျန်းမာရေးမှာ အသက်ကြီးတဲ့သူတွေရဲ့ ကျန်းမာရေးကအရေးကြီးပါတယ်။ ဒါကြောင့် ဒီနေ့က အရေးကြီး ပါတယ်"ဟု ဌာနေညွှန်ကြားရေးမှူး ဂေါဒ်ဖရက်ပေါလ်(Godfred Paul) က ပြောသည်။

သန်းခေါင်စာရင်းကောက်ယူမှုမှ ခန့်မှန်းချက်များအရ အသက် (၆၀)နှင့်အထက် အချိုးအစားပမာဏ သည် ၂၀၁၄ခုနှစ်တွင် ၉ ရာခိုင်နူန်းမှ ၂၀၅၀ခုနှစ်တွင်၂၀ ရာခိုင်နှုန်းအထိ   မြင့်တက်လာနိုင်သည်ဟု ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly