တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံရ

တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံရ

ဧပြီ ၆ ။                         ။ တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးအား အကျင့်ပျက်ခြစားမှုဖြင့် ဧပြီလ ၆ ရက်က တရားရုံးက ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ပြီ ဖြစ်သည်။

နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသမ္မတလည်းဖြစ်သည့် ပက်မှာ သူမ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လာဘ်စားမှု၊ အာဏာအလွဲသုံးမှု တို့အပါအဝင် ပြစ်ချက်အများအပြားကျူးလွန်ထားခဲ့သည်ဆိုပြီး စွဲဆိုခံထားရသူဖြစ်ကာ ဆယ်လကျော်ကြာ တရားရင်ဆိုင်နေခဲ့ရပြီးနောက် ယခုကျမှ ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။

" ဒီအမှုဖြစ်စဉ်မှာ တရားခံဖြစ်သူ ရယူထားတဲ့ လာဘ်ငွေ ပမာဏ ဒါမှမဟုတ် ချွိုင်နဲ့အတူ ပူးပေါင်းတောင်းခံထားတဲ့ ပမာဏဟာ ကိုရီးယားဝမ်ငွေ ၂၃ ဘီလီယံအထိ ရှိပါတယ်" ဆိုပြီး တရားရုံး တရားသူကြီး ကင်မ် ဆီယွန်းက ဖတ်ကြားသွားခဲ့သည်။ ချွိုင် ဆိုသည်မှာ သမ္မတ ပက်၏ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦး ဖြစ်ပြီး အဆိုပါ ခြစားမှု အရှုပ်တော်ပုံတွင် အဓိကပါ၀င်ပတ်သက်ခဲ့သူ ဖြစ်သည်။

" ဒီအမှုမှာ တရားခံဖြစ်သူကို ထောင်ဒဏ် ၂၄ နှစ်နဲ့ ဒဏ်ငွေ ၀မ် ၁၈ ဘီလီယံ ကျခံစေဖို့ ဆုံးဖြတ်လိုက်ရပါတယ်" ဆိုပြီး တရားသူကြီး ကင်မ်က ပြောသွားသည်။

အသက် ၆၆ နှစ်အရွယ် ပက်အနေဖြင့် ယခုအမှုကိစ္စဖြင့် ထိန်းသိမ်းခံထားရစဉ် ကာအတွင်း ကြားနာစစ်ဆေးမှု အကြိမ်အများစုကို ဆန္ဒပြ သပိတ်မှောက်ထားခဲ့သူလည်း ဖြစ်သည်။ ယခုတစ်ကြိမ် ရုပ်သံကနေ တိုက်ရိုက်လွှင့်သည့် တရားရုံးစီရင်ချက် ချမှတ်ရာတွင်လည်း သူမ ရုံးတော်သို့ တက်ရောက်လာခြင်းမရှိပေ။

၂၀၁၃ ခုနှစ်က စတင် အာဏာရလာခဲ့သည့် ပက်အနေဖြင့် တာဝန်ထမ်းဆောင်ပြီး လေးနှစ်အကြာမှာပင် စွပ်စွဲပြစ်တင်ခံရပြီး ပြုတ်ကျသွားခဲ့သူ ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly