မြိတ်တွင် ရေကစားသင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် လျှောက်ထားသူ ထက်ဝက်ကျော် နီးပါး လျှော့နည်း

မြိတ်တွင် ရေကစားသင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် လျှောက်ထားသူ ထက်ဝက်ကျော် နီးပါး လျှော့နည်း

 

မြိတ်၊ ဧပြီ ၆ ။                  ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ရေကစားသင်္ကြန်မဏ္ဍပ်များကို ဆောက်လုပ်ခွင့် လာရောက် လျှောက်ထားသူများမှာ ပြီးခဲ့သည့် နှစ်များထက် ထက်ဝက်နီးပါးခန့် လျှော့နည်းသွားကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးထံမှ သိရသည်။

“  မြိတ်မြို့ မြို့ပေါ်ရပ်ကွက်တွေမှာ ဒီနှစ်က ရေကစား သင်္ကြန်မဏ္ဍပ်များကို ဆောက်လုပ်ဖို့ လာရောက် လျှောက်ထားသူတွေ ပြီးခဲ့တဲ့ နှစ်တွေထက် အခုချိန် အထိ နည်းနေသေးတာကို တွေ့ရပါတယ်၊ လူငယ်တွေ အများစုက ငွေရေးကြေးရေး ပြဿနာကြောင့် မဏ္ဍပ်ဆောက်လုပ်ဖို့ အခက်အခဲ ဖြစ်နိုင်တယ်” ဟု မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးက ပြောသည်။

သင်္ကြန်ကာလတွင် မြိတ်မြို့မှာ လွန်ခဲ့သည့် ၅ နှစ်ဝန်းကျင်းခန့်က ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ ကုမ္ပဏီ ရေးကစားမဏ္ဍပ်များနှင့် ရပ်ကွက်အလိုက် ပြင်ပ ပုဂ္ဂလိက ရေကစားမဏ္ဍပ်များ အမြောက်အများ ရှိရာမှ လက်ရှိတွင် တဖြည်းဖြည်း လျှော့နည်းလာကြောင်း မြိတ်မြို့ခံများထံမှ သိရ သည်။

“  နယ်တွေမှာ ရေကစားသင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်တာက လူငယ်တွေပဲ များပါတယ်၊ အခုနောက်ပိုင်း မဏ္ဍပ်တွေ တစ်နှစ်ထက် တစ်နှစ် တဖြည်းဖြည်း လျှော့နည်းလာတာက ငွေကြေး အခက်အခဲနှင့် သစ်တွေ ၀ယ်ယူဖို့ ရှားပါးလာတာကြောင့် လျှောက်ထားသူတွေ နည်းပါးရခြင်း ဖြစ်တယ်” ဟု အခါတော်မှီ ရေကစား မဏ္ဍပ် တာဝန်ခံ ဦးအောင်စိုးက ပြောသည်။

မြိတ်မြို့နယ်တွင် ပြီးခဲ့သည့် နှစ် သင်္ကြန်ကာလတွင် မြို့ပေါ်ရပ်ကွက်များမှာ သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ တရားဝင် ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့သည့် ရေကစား မဏ္ဍပ်များမှာ ၂၀ ကျော် ရှိခဲ့ပြီး၊ ယခုနှစ်မှာတော့ ၉ ခုသာ ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly