သမ္မတဟောင်း လူလာအား နာရီပိုင်းအတွင်း ထောင်သွင်းအကျဉ်းချရန် ဘရာဇီးတရားရုံး ညွှန်ကြား

သမ္မတဟောင်း လူလာအား နာရီပိုင်းအတွင်း ထောင်သွင်းအကျဉ်းချရန် ဘရာဇီးတရားရုံး ညွှန်ကြား

ဧပြီ ၆ ။           ။ အဂတိလိုက်စားမှုစွဲချက်များဖြင့် ပြစ်ဒဏ်ရင်ဆိုင်နေရသော ဘရာဇီးသမ္မတဟောင်း လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗားအား ၂၄ နာရီအတွင်း ရဲလက်သို့ ကိုယ်တိုင်သွားရောက်အဖမ်းခံပြီး ၎င်း၏ ထောင်ဒဏ်ပြစ်ဒဏ် ၁၂ နှစ်ကို စတင်ကျခံစေရန် တရားရုံးက ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ညွှန်ကြားလိုက်ပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် အထက်ပါ ခြစားမှု ပြစ်ဒဏ်အတွက် အယူခံအဆင့်ဆင့် ၀င်ရောက်နေလျက်ရှိပြီး မကြာမီကျင်းပတော့မည့် သမ္မတရွေးကောက်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်သွားရန် ရှိနေသည့် သမ္မတဟောင်း လူလာအပေါ် ယခုကဲ့သို့ တရားရုံးက ချက်ချင်း မဆိုင်းမတွပင် ထောင်ဒဏ်ပြစ်ဒဏ် ထမ်းဆောင်ခိုင်းလာခဲ့ခြင်းကြောင့်လည်း လူအများ အံ့အားသင့်ခဲ့ကြရသည်။

လူလာ၏ ရှေ့နေများကမူ အဆိုပါ ထောင်ဒဏ်ပြစ်ဒဏ်ကို အနညး်ဆုံး လာမယ့် သီတင်းပတ်မတိုင်မချင်း ထမ်းဆောင်ရလိမ့်မည်မဟုတ်ဟု မူလအစောပိုင်းက မျှော်လင့်ထားခဲ့ကြသည်။

သမ္မတဟောင်း လူလာအနေဖြင့် ၎င်းတာဝန်ထမ်းခဲ့စဉ်က ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဆီကနေ လာဘ်စားထားခဲ့သည်ဆိုပြီး စွဲချက်တင်ခံခဲ့ရကာ ထောင်ဒဏ်စီရင်ချက် ချမှတ်ခံထားရသူ ဖြစ်သည်။ ယင်းစီရင်ချက်နှင့်ပတ်သက်၍ အောက်တရားရုံးတစ်ခု၏ အယူခံဝင်မှုသည်လည်း ယခုဇန်နဝါရီလတွင် ပယ်ချခံထားရသည်။

သို့သော် ယင်းစီရင်ချက်နှင့်ပတ်သက်၍ အထက်တရားရုံးများသို့ ဆက်လက်အယူခံတက်နေချိန်ကာလအတွင်း ၎င်းအား ပြင်ပတွင် လွတ်လွတ်လပ်လပ်နေခွင့်ပေးထားရန် အထူးတရားလွှတ်တော်ချုပ်ထံသို့ တက်ရောက်အသနားခံထားခဲ့သည်။

သို့သော် ၎င်း၏ အသနားခံထားမှုကို တရားလွှတ်တော်ချုပ်က ပယ်ချပြီး ယခုအခါ ၎င်း၏ ပြစ်ဒဏ်ကို အားချင်း ထမ်းဆောင်ကျခံရတော့မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လူလာမှာ လက်ရှိအချိန်တွင် အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ရင်ဆိုင်နေရသော်လည်း လာမည့်ဘရာဇီးသမ္မတရွေးကောက်ပွဲ ၀င်ပြိုင်ရန် စီစဉ်နေသူလည်း ဖြစ်သည်။ အကြိုမဲစစ်တမ်းများအရ ၎င်းမှာ ရွေးကောက်ပွဲအတွက် ရေပန်းအစားဆုံး သမ္မတလောင်း ဖြစ်နေသည်ဟုလည်း သိရသည်။ သို့သော် ယခုတရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် ၎င်း၏ သမ္မတရွေးကောက်ပွဲ ၀င်ပြိုင်မှုအပေါ် ကြီးမားသည့် သက်ရောက်မှု ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တရားရုံး၏ ယခုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လူလာအား ထောက်ခံသူများဘက်က စုရုံးဆန္ဒပြမှုများ ရှိခဲ့ပြီး  ၎င်းအားလည်း ရဲလက်သို့ သွားရောက်အဖမ်းခံခြင်းမရှိစေဖို့ တိုက်တွန်းထားသည်ဟု သိရသည်။

တစ်ဘက်တွင်လည်း ၎င်းအား ဖမ်းဆီးအကျဉ်းချရန် တောင်းဆိုဆန္ဒပြသူများကလည်း တန်ပြန်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly