မန်စီးတီးအသင်းကိုအနိုင်ရမည်ဟု လင်ဂတ်ယုံကြည်နေ

မန်စီးတီးအသင်းကိုအနိုင်ရမည်ဟု လင်ဂတ်ယုံကြည်နေ

ဧပြီ ၆၊ မန်ချက်စတာ။         ။ စနေနေ့တွင် ကစားမည့် ဒါဘီပြိုင်ပွဲတွင် မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကိုအနိုင်ယူပြီး ပြိုင်ဘက်အသင်း၏ ပရီးမီးယားလိဂ် ဆုဖလားရယူမှုကို နှောင့်နှေးအောင်ပြုလုပ်နိုင်မည်ဟု မန်ယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်က ယုံကြည်နေသည်။

ပက်ဂွာဒီယိုလာ၏ မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်တွင် တားဆီး၍မရသည့်အသင်းဖြစ်နေပြီး ဇန်နဝါရီလအတွင်းက လီဗာပူးလ်တစ်သင်းတည်းကိုသာ ရှုံးထားကာ အီတီဟတ်တွင်ကစားမည့် စနေနေ့ပွဲတွင်အနိုင်ရပါက ရာသီမကုန်မီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည် ဖြစ်သည်။

ဒုတိယနေရာအတွက် လီဗာပူးလ်အသင်းနှင့်ပြိုင်ဆိုင်နေရသည့် မန်ယူနိုက်တက်အနေဖြင့် ယင်းသို့မဖြစ်စေချင်ဘဲ လက်ကျန်ပွဲများအတွက် စိတ်ဓါတ်တက်ကြွမှုရရှိရန် မန်စီးတီးကို အနိုင်ကစားလိုနေခြင်းဖြစ်သည်။

လင်ဂတ်က “ကျွန်တော်တို့ ပြီးခဲ့တဲ့ခြေစွမ်းအတိုင်းကစားနိုင်မယ်ဆိုရင် ဘာလို့မနိုင်နိုင်ရမှာလဲ။ လူငယ်တွေရဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ပြီး သုံးမှတ်ရဖို့ ရာနှုန်းပြည့်အာရုံစိုက်ထားရမယ်။ အဲဒါ ကျွန်တော်တို့ရဲ့ အလုပ်ပဲလေ”ဟု ပြောသည်။

လင်ဂတ်သည် ယခုနှစ်ဘောလုံးရာသီတွင် ၁၃ ဂိုးသွင်းယူထားပြီး အင်္ဂလန်လက်ရွေးစင်အသင်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခွင့်ရရန်လည်းရှိနေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly