ခြေနှစ်ဖက်စလုံး မရှိတော့သော်လည်း ဧဝရတ်တောင် ပြန်တက်မည့် တရုတ်တောင်တက်သမား

ခြေနှစ်ဖက်စလုံး မရှိတော့သော်လည်း ဧဝရတ်တောင် ပြန်တက်မည့် တရုတ်တောင်တက်သမား

ဧပြီ ၆ ။           ။ တရုတ်နိုင်ငံက တောင်တက်သမားတစ်ဦးဖြစ်တဲ့ ရှားဘိုယွီကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် လေးစုလောက်တုန်းက ဧဝရတ်တောင် တက်ရင်းနဲ့ နှင်းကိုက်နာဖိစီးပြီး သူ့ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်တောက်ပစ်ခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့် ခုတစ်ကြိမ်မှာတော့ သူဟာ ဧဝရတ်တောင်ထိပ်ကို ရောက်အောက် နောက်တစ်ကြိမ် ပြန်ကြိုးစားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

မျက်စိမမြင်သူနဲ့ ခြေနှစ်ဖက်စလုံးမရှိကြတဲ့ တောင်တက်သမားတွေကို ဧဝရတ်တောင်ပေါ်တက်ခွင့် ပိတ်ပင်ထားတဲ့ အငြင်းပွားဖွယ် တားမြစ်ချက်ကိုလည်း နီပေါ အဆင့်မြင့်တရားရုံးက ပယ်ချရုတ်သိမ်းခဲ့လို့လည်း ယခုလို ရှားဘိုယွီတစ်ယောက် သူ့အိပ်မက်တွေကို နောက်တစ်ကြိမ် ပြန်ကြိုးစားခွင့် ရရှိလာတာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဧဝရတ်တောင်ထိပ်ထိ ရောက်အောင် တက်နိုင်လိမ့်မယ်လို့ အသက် ၆၉ နှစ်ရှိ ရှားဘိုယွီတစ်ယောက် မျှော်လင့်နေလျက်ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ ၎င်းဟာ ကမ္ဘာ့အမြင့်ဆုံး တောင်ကို တက်ဖို့ ခွင့်ပြုခြင်းခံရတဲ့ ပထမဆုံးသော ခြေနှစ်ဖက်စလုံးပြတ်နေသူ တောင်တက်သမားလည်း ဖြစ်လာမှာဖြစ်ပါတယ်။

ယခုတစ်ကြိမ် အမြင့်ပေပေါင်း ၂၉,၀၂၉ ရှိတဲ့ တောင်ထိပ်ဖျားကို ရောက်အောင် တက်ဖို့ ကြိုးပမ်းမှုကတော့ ရှားဘိုယွီအတွက်ကတော့ ငါးကြိမ်မြောက် ကြိုးပမ်းမှု ဖြစ်လာမယ်လို့ သိရပါတယ်။

သူဟာဆိုရင် လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်က တရုတ်အမျိုးသားတောင်တက်အဖွဲ့တစ်ခုနဲ့အတူ ဧဝရတ်တောင်ကို တက်ခဲ့တာဖြစ်ပြီး ယင်းအချိန်က တောင်ထိပ်မရောက်ခင်မှာပဲ ဆိုးရွားလှတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ကြံုတွေ့ခဲ့ကြရပါတယ်။

အောက်စီဂျင် ပြတ်လပ်မှု၊ အေးခဲလွန်းလှသည့် ရာသီဥတုတို့ကြောင့် ၎င်းဟာ နှင်းကိုက်နာဖိစီးခဲ့ပြီး သူ့ရဲ့ ခြေမျက်စိအောက်ပိုင်း နှစ်ဖက်စလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ ယင်းနောက် ၁၉၉၆ မှာလည်း သွေးကင်ဆာ ခံစားခဲ့ရလို့ သူ့ ခြေထောက်နှစ်ဖက်စလုံးကို ဒူးခေါင်းအောက်ကနေ ဖြတ်ထားခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly