သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် ရှေ့နေဦးကိုနီအမှု မြန်မြန်ပြီးချင်ပြီဟု ဇေယျာဖြိုးပြော

သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် ရှေ့နေဦးကိုနီအမှု မြန်မြန်ပြီးချင်ပြီဟု ဇေယျာဖြိုးပြော

ရန်ကုန်၊ ဧပြီလ ၅ ။          ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် တရားလွှတ်တော်ရှေ့နေဦးကိုနီအမှုအား မြန်မြန်ပြီးချင်ပြီဟု ဖမ်းဆီးခံရသူ ဇေယျာဖြိုးက ပြောဆိုခဲ့သည်။

ယနေ့ ဧပြီလ ၅  ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် သေနတ်သမားကြည်လင်းအပါအဝင် အောင် ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို ၅၂ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားခွင်မှအထွက်တွင် ဇေယျာဖြိုးက မီဒီယာများသို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။

“ အပေါ်တိုင်းရုံးကအသံကိုလည်း နားထောင်ပေးကြပါဦး။ တင်ထားတာက အတော်ကြာနေပြီ။ အမှုလည်း မြန်မြန်ပြီးချင်ပါပြီ”ဟု ဇေယျာဖြိုးကပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ကြည်လင်းအပါအဝင် အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေများက  ကြည်လင်းတို့ ၃ ဦးကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြင့် စွဲချက်တင်ထားမှု၊ အာမခံရထားသည့် အောင်ဝင်းထွန်းကို ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ခံထားရမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း တရားရုံးသို့ ၂ဝ၁၈ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ပြင်ဆင်မှုလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေး အောင်ဝင်းခိုင်ကို ၂ဝ၁၄ ခုနှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်သင့်ကြောင်း  တိုင်းတရားရုံးတွင် ပြင်ဆင်မှုလျှောက်ထားခဲ့သော်လည်း လက်ရှိချိန်ထိ အမှုအား ကြားနားစစ်ဆေးရန်အတွက်  ပြန်လည် ချိန်းဆိုခြင်းမရှိသေးကြောင်း သိရသည်။

“ခုဟာက ကျွန်တော်တို့  အမှုတွေက ဟိုဘက်ရော ဒီဘက်ရော တက်ကြတဲ့အတွက်ကြောင့် ပြန်ပြီးတော့ သူ့ရဲ့လုပ်ထုံးလုပ်နည်းအရ ပြန်ခွဲလိုက်ရင် အမှုအရေအတွက်ကတော်တော်များသွားပြီ။ များသွားပြီဆိုရင် လူအရေအတွက်ပေါ် မူတည်ပြီးတော့ အမှုက ခွဲရတာပေါ့။ တက်သွားတာတော့ တစ်မှုတည်းကို တက်သွားတာ။ဒါပေမယ့် လူက ဟိုဘက်ဒီဘက်ပြန်လှည့်တဲ့အခါကျတော့ အမှုအရေအတွက် များသွားတဲ့အတွက် ဒီအပေါ်မှာ တိုင်းတရားလွွှတ်တော်က ဘယ်လိုကြားနာမလဲဆိုတာတော့ ထွက်လာမှသိမယ်”ဟု ကြည်လင်း ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ရုံးချိန်းတွင် တရားသူကြီးက ကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ ၃ ဦးကို သေဒဏ်ထိချမှတ်နိုင်သည့် တင်ကူး ကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ- ၃ဝ၂(၁) (ခ)/ ၃၄ ဖြင့် စွဲချက်တင်အမိန့်ချခဲ့သည်။

အောင်ဝင်းထွန်းကို အားပေးကူညီမှု ပုဒ်မဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၁၂ ဖြင့် စွဲချက်တင်အမိန့်ချခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရုံးချိန်းတွင် ကျပ်သိန်း ၅ဝဝ ဖြင့် ခရိုင်တရားရုံးမှ အာမခံပေးခဲ့သည်။

အဆိုပါ လုပ်ကြံမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီအား ကြည်လင်းက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ပေးခဲ့သော အငှားယာဉ်မောင်းကိုနေဝင်းပါ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly