ကားမီးလောင်သေဆုံးခဲ့သည့် မြန်မာရုပ်အလောင်းများကို DNA စစ်ဆေးပြီး သင်္ဂြိုလ်နိုင်ရေး ဆောင်ရွက်သွားမည်

ကားမီးလောင်သေဆုံးခဲ့သည့် မြန်မာရုပ်အလောင်းများကို DNA စစ်ဆေးပြီး သင်္ဂြိုလ်နိုင်ရေး ဆောင်ရွက်သွားမည်
ဓာတ်ပုံ-Ye Min Facebook

 

ဧပြီ ၅ ။            ။ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ လိုက်ပါလာသည့် မော်တော်ယာဉ် မီးလောင်ကျွမ်းခဲ့မှုတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဘန်ကောက်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ထားပြီး DNA စစ်ဆေးပြီးနောက် ယင်းရုပ်အလောင်းများကို သင်္ဂြိုလ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနယ်စပ်မှ ဘန်ကောက်သို့ ပို့ဆောင်သော ဘတ်စ်ကား တစ်စီး မတ် ၃၀ ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး မြန်မာအလုပ်သမား ၂၀ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများသည် မီးလောင်ကျွမ်းမှုကြောင့် ရုပ်လုံးများ မပေါ်သဖြင့် DNA စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးအနေဖြင့် သေဆုံးသူများ၏ မိသားစုဝင်များကို မြဝတီ-မဲဆောက်သို့ ခေါ်ယူထားပြီး DNA Sample များ ရယူရန် စီစဉ်ထားကြောင်း သိရသည်။

 မော်တော်ယာဉ် မီးလောင်ကျွမ်းမှုတွင် ဒဏ်ရာရရှိခဲ့သူ (၃)ဦးအနက် (၂)ဦးမှာ ဆေးရုံမှ ဆင်းသွားခဲ့ပြီး ဖြစ်ကာ ကျန် (၁)ဦးမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိကြောင်း သိရှိရသည်။ အသက်ရှင် ကျန်ရစ်သူများကို မြဝတီ-မဲဆောက်သို့ ခေါ်ယူ၍ မီးလောင်ဆုံးရှုံးသွားသော အထောက်အထားများ အား ပြန်လည်စိစစ်ထုတ်ပေးကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရေး (သို့မဟုတ်) နေရပ် ပြန်နိုင်ရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို DNA စစ်ဆေးပြီးနောက် ယင်းရုပ်အလောင်းများကို သင်္ဂြိုလ်နိုင် ရေး ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သေဆုံးသူများနှင့် ဒဏ်ရာရရှိသူ အလုပ်သမားများ၏ အကျိုးခံစားခွင့်များ ရရှိရန်အတွက် ထိုင်းနိုင်ငံ ဘက်မှ သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်း၍ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ် သည်။
အဆိုပါ မော်တော်ယာဉ် မီးလောင်ကျွမ်းမှုကြောင့် လိုက်ပါလာသည့် မြန်မာအေဂျင်စီ Star Pioneer Co.,Ltd မှ ပို့ဆောင်သည့် MoU မြန်မာအလုပ်သမား ၄၇ ဦး အနက် ၂၀ ဦး သေဆုံးကာ ၂၇ ဦး လွတ်မြောက်ခဲ့ပြီး ၄င်းတို့အနက် (၃)ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly