လက်ရန်းအသစ်၊ လျှောက်လမ်းအသစ်နဲ့ မန္တလေးမဏ္ဍပ်တွေ

လက်ရန်းအသစ်၊ လျှောက်လမ်းအသစ်နဲ့ မန္တလေးမဏ္ဍပ်တွေ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေးမြို့ရဲ့ ကျုံးတောင်ဘက်ခြမ်းကတော့ လက်ရန်းတွေ တပ်ဆင်ပြီးနေသလောက ်ရှိနေသလို ကျုံးဘေးလျှောက်လမ်းတွေကလည်း ပြီးနေပါပြီ။

အဲဒီလို ပြီးသလောက်ဖြစ်နေချိန်မှာပဲ သြင်္ကန်အတွက် ပြင်ဆင်မှုတွေကလည်း ပြုလုပ်လာကြပါတယ်။

လက်ရန်းအသစ်နဲ့ လျှောက်လမ်းအသစ်ဘက်မှာတော့ လမ်းလျှောက်သြင်္ကန် ပြုလုပ်သွားမှာဖြစ်သလို ကျုံးအနောက်ဘက် လျှောက်လမ်းအသစ်တွေဘက်မှာလည်း မဏ္ဍပ်တွေ တည်ဆောက်ပြီး သြင်္ကန်ပွဲကို နွှဲကြမှာပါ။

လက်ရန်းသစ်ပေါ်ခွပြီး မဏ္ဍပ်တွေဆောက်နေသလို လျှောက်လမ်းအသစ်တွေပေါ်မှာလည်း မဏ္ဍပ်တွေက ရှိနေပြန်ပါတယ်။

မြို့သာယာလှပဖို့အတွက် စည်ပင်သာယာရေးကော်မတီကနေ လက်ရန်းအသစ်တွေ တပ်ဆင်ခဲ့သလို ပြည်သူလူထု စိတ်အေးချမ်းစွာ သွားလာနိုင်ဖို့အတွက်လည်း လျှောက်လမ်းအသစ်တွေကို ပြုပြင် တည်ဆောက်ပေးနေတာလည်းဖြစ်ပါတယ်။

လက်ရန်းအသစ်တပ်ဆင်မှုကိုတော့ ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။

လက်ရန်းအသစ်တွေနဲ့ လျှောက်လမ်းအသစ်စက်စက်တွေပေါ်မှာ မဏ္ဍပ်တွေ တည်ဆောက်နေတော့ ထိခိုက်ပျက်စီးမှု အနည်းအငယ်တော့ ရှိမှာပါ။ အဲဒီလို ထိခိုက်ပျက်စီးမယ့် အရာတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုကလည်း ရှိဖို့လိုပါတယ်။

လုပ်ထားတဲ့ လက်ရန်းတွေ၊ လျှောက်လမ်းတွေ လပိုင်းအတွင်းထိခိုက်ပျက်စီးသွားရင် အဓိက ပြန်ပြီး ပြင်ဆင်မှာကတော့ စည်ပင်သာယာကပဲဖြစ်ပါတယ်။ လူအားတွေလည်း ကုန်ပါမယ်။ ဘဏ္ဍာငွေ အနည်းငယ်လည်း ပြန်လည်ကုန်ပါမယ်။ အဲဒါတွေကို စီမံထားဖို့လိုပါတယ်။ ပျက်ရင်ပြင်မှာပေါ့ ဆိုတဲ့အတွေးမျိုးနဲ့တော့ မလုပ်စေချင်ပါဘူး။

အစိုးရအဖွဲ့အနေနဲ့လည်း မန္တလေးသြင်္ကန်ကို မန္တလေးသြင်္ကန် ပီပီသသလုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။

စည်းကားဖို့အတွက် မဏ္ဍပ်တွေကလည်း မဖြစ်မနေလိုပါတယ်။ လက်ရန်းအသစ်တွေပေါ်၊ လျှောက်လမ်း အသစ်တွေပေါ် မဏ္ဍပ် မဆောက်စေချင်တာမဟုတ်ပါဘူး။ ထိခိုက်ပျက်စီးမှု မရှိအောင် စည်းကမ်းသတ်မှတ်ချက်တွေ ရှိစေချင်တာပါ။သြင်္ကန်ဆိုတာကတော့ အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ် ပျော်ရွှင်ကြမှာပါ။

မန္တလေးရဲ့ လမ်းလျှောက်သြင်္ကန် အောင်မြင်ခဲ့သလို ဒီမှာစတင်ထည့်သွင်းကျင်းပမယ့် တောသြင်္ကန် ကလည်း စည်ကားဦးမှာအမှန်ပဲ ဖြစ်ပါတယ်။

စည်ကားခြင်းများစွာနဲ့မန္တလေး သြင်္ကန်မှာ လက်ရန်းအသစ်တွေ လျှောက်လမ်းအသစ်တွေ မပျက်စီးဖို့ ကလည်း အရေးကြီးပါတယ်။

ထိန်းသိမ်းဖို့ အားလုံးမှာ တာဝန်ကိုယ်စီရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly