ချန်ပီယံလိဂ်ပွဲမတိုင်မီ မန်စီးတီးဘတ်စ်ကားကို လီဗာပူးလ် ပရိသတ်များတိုက်ခိုက်ခဲ့

ချန်ပီယံလိဂ်ပွဲမတိုင်မီ မန်စီးတီးဘတ်စ်ကားကို လီဗာပူးလ် ပရိသတ်များတိုက်ခိုက်ခဲ့

ဗုဒ္ဓဟူးညမှာ ချန်ပီယံလိဂ်ပွဲကစားဖို့ မန်စီးတီးအသင်းသားတွေစီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားကို အန်ဖီးလ်ကွင်း အပြင်ဘက်မှာ လီဗာပူးလ်ပရိသတ်တွေက တိုက်ခိုက်ခဲ့ကြတဲ့အတွက် လီဗာပူးလ်အသင်းက တောင်းပန်ခဲ့ရပါတယ်။

ပွဲမစခင်တစ်နာရီလောက်အလိုမှာ မန်စီးတီးအသင်းဘတ်စ်ကားရောက်ရှိလာစဉ် လီဗာပူးလ်ပရိသတ်တွေက မီးရှူးမီးပန်းတွေ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။

ဒီတိုက်ခိုက်မှုကြောင့် ရဲနှစ်ဦးဒဏ်ရာရခဲ့ပြီး မန်စီးတီးအသင်းရဲ့ဘတ်စ်ကားလည်း ပျက်စီးမှုတွေရှိခဲ့လို့ ကစားသမားတွေဟာ ပွဲအပြီးမှာ တခြားကားတစ်စီးကို ပြောင်းစီးခဲ့ရပါတယ်။

ဒီဖြစ်ရပ်အတွက် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က “ဘာလို့ ဒီလိုဖြစ်ရတာလဲ ကျွန်တော်လုံးဝနားမလည်ပါဘူး။ ဒီလို အခြေအနေမျိုးမဖြစ်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ အသင်းရဲ့ုကိုယ်စားတောင်းပန်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းကလည်း မန်စီးတီးအသင်းကို တောင်းပန်ကြောင်းနဲ့ ဖြစ်ရပ်ကိုဖော်ထုတ်အရေးယူဖို့ အာဏာပိုင်တွေနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ချန်ပီယံလိဂ်ပထမအကျော့အဖြစ်ကစားခဲ့တဲ့ အဲဒီပွဲမှာ အိမ်ရှင် လီဗာပူးလ်က ဆာလာ၊ ချိန်ဘာလိန်၊ မာနေးတို့ရဲ့ဂိုးတွေနဲ့ သုံးဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ အခြားပွဲစဉ်မှာတော့ ဘာစီလိုနာက ရိုးမားကို ၄-၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly