ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားဆုကို မက်ဆီပင် ရရှိသင့်သည်ဟု ဘာစီလိုနာဥက္ကဋ္ဌပြော

ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားဆုကို မက်ဆီပင် ရရှိသင့်သည်ဟု ဘာစီလိုနာဥက္ကဋ္ဌပြော

စပိန်၊ သြဂုတ် ၂၈ ။          ။ ယူအီးအက်ဖ်အေမှ ပေးအပ်ချီးမြှင့်သည့် ဥရောပအကောင်းဆုံးဘောလုံး သမားဆုကို မက်ဆီရရှိခဲ့ပြီးနောက်တွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက ကမ္ဘာ့အကောင်း ဆုံးဘောလုံးသမားဆုကိုလည်း မက်ဆီပင် ရရှိသင့်ကြောင်း ပြောဆိုလိုက်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ မက်ဆီသည် ၂၀၁၄-၁၅ ရာသီက တယ်မိုဇာရာ၏ လာလီဂါသွင်းဂိုးစံချိန်ကို ချိုးဖျက်ခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၅၈ ဂိုးသွင်းယူကာ အဓိကဆုဖလားသုံးလုံး ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

'လီယွန်နယ်မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားပါ။ အများနဲ့မတူတဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ သူ့ရဲ့ယုံကြည်မှု၊ သူ့ရဲ့ပြင်းထန်တဲ့ အောင်မြင်လိုမှု၊ အလုပ်ကြိုးစားမှုတွကို ကျွန်တော် တို့ကောင်းကောင်းသိပါတယ်။

ဒါကြောင့်ပဲ သူ့ကို ဥရောပအကောင်းဆုံးဘောလုံးသမားဆု ပေးအပ်ခဲ့ကြတာပါ။ ကမ္ဘာ့အကောင်ဆုံးဘောလုံးသမားဆုကလည်း သူ့အတွက် ဖြစ်သင့်ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လို့ အရာရာကိုအောင်မြင်နေတာပါ။ ဒါကပုံမှန်အခြေအနေပါပဲ' ဟု ဘာတိုမြူက ပြောသည်။

ယခုအချိန်တွင် ဘာတိုမြူသည် လာမည့်ဒီဇင်ဘာလ၌ကျင်းပမည့် ဖီဖာကမ္ဘာ့ကလပ်ဖလားကို ဆွတ်ခူးနိုင်ရန် မျှော်လင့်လျက်ရှိသည်။ 'ဖီဖာကမ္ဘာ့ကလပ်ဖလားက မက်ဆီ့အတွက်အရေးကြီးပါတယ်။ သူဟာ ဒီနှစ်မှာ အံ့မခန်းစွမ်းဆောင်ထားတာပါ။ ကျွန်တော်တို့ လာလီဂါ၊ ကိုပါဒယ်ရေး၊ ချန်ပီယံလိဂ်နဲ့ ယူအီးအက်ဖ်အေစူပါဖလားတို့ကို ရရှိပြီးပါပြီ။ ဒီနှစ်မှာ ဆုဖလားငါးလုံး ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်' ဟု ဘာတိုမြူက ပြောသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly