ဝေဖန်အကြံပြုမှုများကို လေးစားသောကြောင့် ပါတီအမည်ထပ်ထည့်ပြီး မှတ်ပုံတင်ခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးပြော

ဝေဖန်အကြံပြုမှုများကို လေးစားသောကြောင့် ပါတီအမည်ထပ်ထည့်ပြီး မှတ်ပုံတင်ခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးပြော

ရန်ကုန်  ၊ ဧပြီ ၄ ။              ။ ရှစ်လေးလုံးပါတီအမည်ကနေ ရှစ်လေးလုံးပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲပြီး မှတ်ပုံတင်ခဲ့ခြင်းသည် ဝေဖန်အကြံပြုသူများအား လေးစားသောကြောင့် ဖြစ်သည်ဟု ပါတီဦးဆောင်တည်ထောင်သူ ဦးကိုကိုကြီးက မဇ္ဈိမသို့ ပြောသည်။

"ဒီအတိုင်းသုံးတာထက် ထပ်မံဖြည့်စွက်ပြီးသုံးရင် ပိုကောင်းကြောင်း အပြုသဘောဝေဖန်အကြံပြုသူတွေကို လေးစားတဲ့ အနေနဲ့ပါ" ဟု ဦးကိုကိုကြီးကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီအရေးပေါ်စုံညီအစည်းအဝေးခေါ်ယူခဲ့ကာ ပါတီအမည်ပြောင်းလဲပြီး မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

ပါတီအမည်ကိစ္စနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ဘက်မှ ကန့်ကွက်လိုခြင်းမရှိကြောင်း ၊ ဥပဒေအကြောင်းအရာ အရလည်း ငြိစွန်းမှုမရှိကြောင်း ကော်မရှင်ဘက်က ဦးကိုကိုကြီးတို့နှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောဆိုခဲ့သည်ဟုလည်း သိရသည်။

ပါတီအမည်ကိစ္စနှင့်ပတ်သက်ပြီး ဦးကိုကိုကြီးက "ကော်မရှင်နဲ့ဆွေးနွေးချက်အရရော ၊ အပြုသဘောဝေဖန် အကြံပြုချက် တွေကိုပါ လေးစားသောအားဖြင့် အခုလို ဆွေးနွေးဆုံးဖြတ်ခဲ့တာပါ" ဟု ဆိုသည်။

ပါတီထူထောင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်မှုအချို့ရှိခဲ့ သော်လည်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီ (ရန်ကုန် တိုင်းဒေသကြီး) ရုံးခန်းကို ပြီးခဲ့သည့် ဇန်နဝါ ရီလ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင်လည်း ရုံးခန်းများ ဖွင့်လှစ်ခဲ့သည်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးအတွက် ဗဟိုဦးဆောင် ကော်မတီတာဝန်ခံအဖြစ် ဦးကိုကိုကြီးက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ဗဟိုဦးဆောင် ကော်မတီ အဖွဲ့ဝင်အဖြစ် ဦးမင်းဇေယျာတို့က တာဝန်ယူထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly