အားလုံးပူးပေါင်းမလုပ်ဆောင်လျှင် e-Government ဖြစ်မြောက်နိုင်မည် မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြောကြား

အားလုံးပူးပေါင်းမလုပ်ဆောင်လျှင် e-Government ဖြစ်မြောက်နိုင်မည် မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြောကြား

 

ရန်ကုန်၊ ဧပြီလ ၄ ။                     ။ ပြည်နယ်နှင့် တိုင်းအစိုးရများ၊ အစိုးရဌာနများ အားလုံး ပူးပေါင်းလုပ်ဆောင်မှုမရှိလျှင် e-Government ဖြစ်မြောက်လာနိုင်မည်မဟုတ်ဟု   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယနေ့ ဧပြီလ ၄ ရက်၊ နံနက် ၉ နာရီ၊ နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် e-Government ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ e-Government ပတ်သက်လို့ ကျွန်မတို့ အစကတည်းက စီးပွားရေးနဲ့ ပတ်သက်ပြီး ချထားတဲ့ မူဝါဒ ၁၂ ချက်ထဲမှာ တစ်ချက်ပါဝင်ပါတယ်။ အဲဒီအထဲမှာ ဖြစ်မြောက်အောင် လုပ်မယ်ဆိုတာ ပါဝင်ပါတယ်။ ဒါကို e-Government ဖြစ်မြောက်အောင် လုပ်မယ်ဆိုရင်လည်း ကျွန်မတို့ရဲ့ ဒီနှစ်အတွင်းမှာ အဲဒီဘက်က နှောင့်နှေး နေတာကိုလည်း သတိပြုမိပါတယ်”

“ e-Government မြန်မြန်လုပ်ဖို့၊ တိုးတက်ဖို့ဆိုရင် အချက် ၃ ချက်က အဓိက ဖြစ်ပါတယ်။ ကျွမ်းကျင်မှု လိုအပ်ချက်ရှိမယ်၊ ရှင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ရှိမယ်၊ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ချက်ရှိမယ်။ ဒီလိုအပ်ချက် ၃ ခုစလုံး ဖြည့်ဆည်းဖို့ အခုလိုအစည်းအဝေးခေါ်တာလို့ နားလည်ပါတယ်။ ဦးဆောင်ကော်မတီဥက္ကဋ္ဌကြီးဖြစ်တဲ့ ဒုတိယသမ္မတကြီးဦးမြင့်ဆွေက ဦးဆောင်ပြီး လုပ်သွားမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ဌာန အသီးသီး ပြည်နယ်၊ တိုင်းအစိုးရများနဲ့ အားလုံး ပူးပေါင်းပြီး မလုပ်ရင် e-Government ဆိုတာ တကယ်တော့ ဖြစ်မြောက်နိုင်မှာ မဟုတ်ပါဘူး”ဟု e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။

e-Government ၏ ရည်ရွယ်ချက်မှာ နိုင်ငံနှင့် ပြည်သူအကျိုးအတွက်ဖြစ်ပြီး ကမ္ဘာနှင့် ရင်ဘောင်တန်းပြီး ခေတ်သစ်၊ စနစ်သစ်များကို မသုံး၍ မဖြစ်ကြောင်း၊ ထိုသို့ အသုံးမချလျှင် အခြားနိုင်ငံများ၏ နောက်တွင် ကျန်ရစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းစဉ်များကို ၂ဝဝဝ ခုနှစ်မှစတင်ပြီး အကောင်အထည်ဖော်ခဲ့ကြသော် လည်း အရွေ့နှေးခဲ့ပြီး e-Government စနစ် တည်ဆောက်ရာတွင် ခေတ်မီဆန်းသစ်သည့် နည်းပညာများ တပ်ဆင်အသုံးပြုကာ ဝန်ဆောင်မှုပေးရုံသာမက e-Government စနစ် အောင်မြင်မှုကို တိုင်းတာသည့် နေရာတွင် အဓိကအချက် (၂)ချက် အဖြစ် ပြည်သူလူထုအများစုက အစိုးရ၏ ပြည်သူ့ရေးရာ Online ဝန်ဆောင်မှုများကို ယုံယုံကြည်ကြည် အသုံးပြုလာကြရန်နှင့် ပြည်သူ လူထုအတွက် အမှန်တကယ် လိုအပ်သည့် Online ဝန်ဆောင်မှုများကို ဖန်တီးပေးနိုင်ရန် ဖြစ်သည်ဟု ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေကလည်း ပြောကြားခဲ့သည်။

လက်ရှိတွင် မိုဘိုင်းတယ်လီဖုန်းကွန်ရက်မှာ မြန်မာနိုင်ငံ၏ လူဦးရေ၏ ၈၉ ရာခိုင်နှုန်းအား လွှမ်းခြုံလျက်ရှိပြီး ၂ဝ၂ဝ ခုနှစ်တွင် ၉၂ ရာခိုင်နှုန်းထိ လွှမ်းခြုံနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီဝင်များဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးသောင်းတင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly