အိန္ဒိယ - ပါကစ္စတန်နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား အရပ်သား ဆယ်ဦးသေဆုံး

အိန္ဒိယ - ပါကစ္စတန်နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား အရပ်သား ဆယ်ဦးသေဆုံး

အစ္စလမ္မာဘတ်၊ သြဂုတ် ၂၈ ။         ။ အငြင်းပွားနယ်စပ်တစ်ဝိုက် အိန္ဒိယနှင့် ပါကစ္စတန်ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ သြဂုတ် ၂၈က အနည်းဆုံးအရပ်သား ဆယ်ဦးသေဆုံးပြီးလူ ၅၀ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အရာရှိများက ပြောသည်။

ပါကစ္စတန်၏ ပန်ဂျပ်ပြည်နယ်ရှိ ဆီးယယ်ကော့မြို့အနီးတွင် ခြောက်ဦးသေဆုံးခဲ့သည်ဟု ပါကစ္စတန်စစ်ဘက်က ပြောကြားခဲ့သည်။ ထိုစဉ် အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားနယ်တွင် ရွာသားလေး ဦးသေဆုံးခဲ့ပြီး အစောပိုင်းက အစီရင်ခံခဲ့သည့် သုံးဦးထက်ပိုမိုခဲ့သည်။

ကက်ရှ်မီးယားနှင့် ပတ်သက်၍အငြင်းပွားမှုတစ်ခုဖြစ်ပေါ်စဉ် နျူကလီးယားလက်နက်ပိုင်ဆိုင်သော ပြိုင်ဘက်နှစ်နိုင်ငံကြား စီစဉ်ထားသောအဆင့်မြင့်ဆွေးနွေးပွဲများ ပျက်ပြားသွားပြီးနောက် တစ်ပတ်မပြည့်မီ ပစ်ခတ်မှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။

နှစ်ဖက်စလုံးက ကက်ရှ်မီးယားနှင့် ပန်ဂျပ်တောင်ပိုင်းရှိ အငြင်းပွား နယ်စပ်တစ်ဝိုက် လက်နက်ကြီးများ၊ မော်တာများဖြင့် ပစ်ခတ်ခဲ့ကြရာမှ အရပ်သားများ သေဆုံးခဲ့ခြင်းဖြစ်သည်။ အိန္ဒိယတပ်များက သြဂုတ် ၂၈ နံနက် သုံးနာရီတွင် စပစ်ခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်းအတွင်း ပြတ်တောင်းပြတ်တောင်းပစ်ခတ်မှုများဆက်လက်ဖြစ်ပေါ်ခဲ့သည်ဟု ပါကစ္စတန်အကြီးတန်းလုံခြုံရေး အရာရှိတစ်ဦး ကအေအက်ဖ်ပီ သို့ပြော သည်။

ချက်ပရာနှင့် ဟာပါလ်အပိုင်းရှိ ဆီယယ်ကော့အနီး အလုပ်လုပ်နေသော နယ်စပ်အနီးသို့ အိန္ဒိယဘက်မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အရပ်သားခြောက်ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၂၂ ဦးအပါအဝင် ၄၆ဦးဒဏ်ရာရရှိခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ထုတ်ပြန်သည်။ ထို့အပြင် ၎င်းတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ပါကစ္စတန်သည် အရပ်သားများကို ပစ်မှတ်ထားကာ မော်တာဖြင့် အကြောင်းမဲပစ်ခတ်ခဲ့သည်ဟု အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားရှိ နယ်စပ်လုံခြုံရေးတပ်ဖွဲ့(BSF)အရာရှိ ရာကက်ရှ်ကူးမားရှာမား က စွပ်စွဲခဲ့သည်။

" နယ်စပ်တစ်ဝိုက် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရွာသားလေးဦးသေဆုံးခဲ့ပါတယ်။ သုံးဦးကတော့ မနက်အစောပိုင်းက သေဆုံးပြီး တစ်ယောက်ကတော့ နောက်ပိုင်းကျမှ ဆေးရုံတစ်ခုမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ် "ဟု ယင်းဒေသ၏ ထိပ်တန်းအုပ်ချုပ်ရေးမှူး ပါဝန်ကော့ဝါးလ် ကအေအက်ဖ်ပီ သို့ပြောကြားခဲ့သည်။

ထို့အပြင် အိန္ဒိယဘက်တွင် ၁၆ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု နောက် BSF အရာရှိတစ်ဦးဖြစ်သူ ဂျေအက်စ်အိုဘေရီယိုက ပြောသည်။

ပါကစ္စတန်နှင့် အိန္ဒိယတို့သည် ၁၉၄၇ခုနှစ်တွင် လွတ်လပ်ရေးရပြီးကတည်းက ဟိမဝန္တာဒေသနှင့် ပတ်သက်၍ စစ်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး ကက်ရှ်မီးယားဒေသသည် တင်းမာမှု၏ အရင်းမြစ်ဖြစ်နေဆဲဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly