ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၆၀၀ ကျော် ပြန်လည်လက်ခံမည်

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၆၀၀ ကျော် ပြန်လည်လက်ခံမည်
ဓာတ်ပုံ - အေအပ်ပီ

 

ရန်ကုန် ၊ ဧပြီ ၄ ။                      ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည် ၆၇၅ ယောက်ကို ပြန်လည်လက်ခံရန် အဆင်သင့် ဖြစ်နေပြီဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပေးပို့သည့် လူဦးရေ ၈၀၃၂ ဦးစာရင်းထဲမှ လူဦးရေ ၈၀၀ ကျော်ကို စစ်ဆေးပြီးနောက် ဦးမြင့်ကြိုင်က အတည်ပြုပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။ လက်ခံရန်အဆင်သင့် ဖြစ်နေသည့် လူဦးရေစာရင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပေးပို့ပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

စစ်ဆေးပြီးစီးခဲ့သည့် လူဦးရေ ၈၀၀ ကျော်ထဲတွင် မြန်မာနိုင်ငံ ၌ အမှန်တကယ် နေထိုင်ခဲ့သည်ဟု အတည်ပြုနိုင်သည့် ၆၈၅ ဦး ရှိပြီး ယင်းထဲမှ လူ ၁၀ ဦးသည် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နေသည့်သူများ ဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့ဆီက အကြမ်းဖက်သမားစာရင်း ၁၀ ယောက်ကို ဖယ်လိုက်မယ်ဆိုရင်တော့ ၆၇၅ ယောက်ကို လက်ခံပါမယ်။ ၁၂၀ ကတော့ မြန်မာနိုင်ငံထဲမှာနေထိုင်ခဲ့တဲ့ အထောက်အထားတွေ ဓါတ်ပုံတွေ အိမ်ထောင်စုစာရင်းတွေမရှိတဲ့အတွက် လက်မခံပါဘူးခင်ဗျ" ဟု ဦးမြင့်ကြိုင်က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ပြုလုပ်သည့် နှစ်နိုင်ငံအစည်းအဝေးအပြီးတွင် လူဦးရေ ၈၀၃၂ ဦးပါ စာရင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာနိုင်ငံဘက်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များကြာင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လူအမြောက်အမြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ လက်ရှိအချိန်တွင် ယင်းဒုက္ခသည်များ   ပြန်လည်လက်ခံနိုင်ရန် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုကာ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly