မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းများကြောင့် နှစ်နှစ်အတွင်း လူသုံးရာကျော် သေကြေဒဏ်ရာရ

မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းများကြောင့် နှစ်နှစ်အတွင်း လူသုံးရာကျော် သေကြေဒဏ်ရာရ
မိုင်းကြောင့် သေကြေဒဏ်ရာရမှုဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အများဆုံး ဖြစ်ပါတယ်

နေပြည်တော်(ဧပြီ ၄ရက်၊ ၂၀၁၈ခုနှစ်)။ ။ ပြီးခဲ့သည့် ၂၀၁၆နှင့် ၂၀၁၇ခုနှစ် နှစ်နှစ်အတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်း(ERW)များကြောင့် သေကြေဒဏ်ရာရသူပေါင်း ၃၃၇ဦး ရှိခဲ့သည်ဟု ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့(Unicef)အဖွဲ့က ထုတ်ဖော်ပြောကြားလိုက်သည်။

လက်နက်ကိုင်ပဋိပက္ခများမှ ကျန်ရှိသည့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်း(ERW)များကြောင့် တိုင်းနှင့်ပြည်နယ် ၁၄ခုအနက် ၉ခုတွင် ကလေးသူငယ်များနှင့် ၎င်းတို့ မိသားစုများ၏ အသက်အန္တရာယ်ကို နေ့စဉ် ခြိမ်းခြောက်နေဆဲဖြစ်သည်ဟု နေပြည်တော်တွင် ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားတွင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နှစ်အတွင်း သေကြေဒဏ်ရာရသူပေါင်း ၃၃၇ဦးရှိခဲ့ပြီး မှတ်တမ်းများအရ ပဋိပက္ခများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး ဖြစ်ပွားခဲ့သည်။ ဒဏ်ရာရရှိသူ ၄ဦးအနက် ကလေးသူငယ် ၁ဦးနှုန်း ဖြစ်ပွားနေပြီး မတော်တဆဖြစ်မှု ၄ကြိမ်အနက် ၁ကြိမ်မှာ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်ဟု ယူနီဆက်ဖ်(Unicef) က ဆိုသည်။

“မှတ်တမ်းမှတ်ရာ မပြုလိုက်ရတဲ့ မတော်တဆမှုတွေများစွာ ရှိနေနိုင်တယ်ဆိုတာ ကျွန်မတို့တွေ သိသော်ငြားလည်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကြောင့် မတော်တဆမှုတွေဟာ နေ့စဉ်နဲ့အမျှ ဆက်လက် ဖြစ်ပေါ်နေဆဲပါ။ ဝမ်းနည်းရတာကတော့ ဒါတွေရဲ့ အကျိုးဆက်တွေကို ခံစားရတဲ့သူတွေက ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေပါပဲ” ဟု ယူနီဆက်ဖ်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် June Kunugi က ပြောသည်။

အနီးစပ်ဆုံး ၂၀၁၇ခုနှစ် တစ်နှစ်အတွင်းမှာပင် မြေမြှုပ်မိုင်း ထိခိုက်ခံရသူများ၏ ၄၃ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်သည်ဟု June Kunugi က ထောက်ပြပြောကြားသည်။

ရှမ်းပြည်နယ်၊ သိန္နီမဲဆန္ဒနယ်၊ အမှတ် ၁မှ ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထားရီက “လက်နက်ကိုင်တဲ့ အဖွဲ့အစည်းအားလုံးကို ပြောချင်တာက လူစည်ကားတဲ့ ဈေးတို့၊ ကျောင်းတို့၊ ပြီးခဲ့တဲ့လက လားရှိုးမှာ ဖြစ်သွားတဲ့ ဘဏ်လိုမျိုး အဓိက လူစည်ကားတဲ့နေရာမျိုးတွေမှာ မိုင်းတွေ မခွဲဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ၂ ရပ်ကွက်ရှိ ဧရာဝတီဘဏ်နှင့် ရိုးမဘဏ်ကြားတွင် ဖေဖော်ဝါရီလ ၂၁ ရက်၊ မွန်းလွဲ ၄ နာရီခွဲခန့်အချိန်တွင် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လားရှိုး (၁) ဘဏ်ခွဲမှ ရိုးမဘဏ် ဝန်ထမ်း နှစ်ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာ ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly