ရန်ကုန်ဆေးရုံကြီးဝန်းကျင် စည်ပင်အင်အား၅၀၀ဖြင့် ရှင်းလင်း

ရန်ကုန်ဆေးရုံကြီးဝန်းကျင် စည်ပင်အင်အား၅၀၀ဖြင့် ရှင်းလင်း

ရန်ကုန်၊ ဧပြီ ၄ရက် ။                 ။ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင်ရှိသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးပတ်ဝန်းကျင်ကို ဧပြီလ ၄ရက်နေ့ နံနက်၇နာရီအချိန်မှစတင်ကာ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မီးကြိုး၊ မီးတိုင်များပြင်ဆင်ခြင်းတို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လူအင်အား ၅၀၀ဖြင့် ဆောင်ရွက်ခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးပတ်ဝန်းကျင်တွင် ဧပြီလ ၃ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်က ရွာသွန်းခဲ့သည့်မိုးကြောင့် သစ်ပင်၊ သစ်ကိုင်းများနှင့် မီးကြိုးများပျက်စီးခြင်းတို့ရှိခဲ့သည့်အတွက် ရှင်းလင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ရန်ကုန်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်နှင့်သန့်ရှင်းရေးဌာနမှ အနောက်ပိုင်းခရိုင်ဌာနမှူး ဦးအောင်ထိုက်က ပြောသည်။

“ရန်ကုန်တိုင်းနေရာတော်တော်များများမှာ သစ်ပင်တွေကျိုးတာ သစ်ကိုင်းတွေကျိုးတာရှိပါတယ်။ ဒါနဲ့ပတ်သတ်ပြီးတော့ အပျက်အစီးများတဲ့ ရန်ကုန်ဆေးရုံကြီးမှာ စည်ပင်ကနေပြီးတော့   ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု ဦးအောင်ထိုက်က ဆိုသည်။

ပျက်စီးခဲ့သည့်မီးကြိုးများကို သစ်ပင်များခုတ်ထွင်ရှင်းလင်းပြီးပါက မီးဖြတ်တောက်ကာ လျှပ်စစ်မီးအတွက် EPCမှ ပြင်လည်ပြင်ဆင်မည်ဖြစ်ကြောင်း ဦးအောင်ထိုက်က ပြောသည်။

စည်ပင်သာယာရေးကော်မတီအနေဖြင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ လူဦးရေ (၄၀၀)၊ ပတ်ဝန်းကျင်နှင့်သန့်ရှင်းရေးဌာနမှ လူဦးရေ (၁၀၀)၊ ယန္တရားနှင့်ကားအစီးရေ (၂၀)တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly