S-400 လေကြောင်းကာကွယ်ရေးစနစ် ပို့ဆောင်မှုကို အရှိန်မြှင့်တင်ရန် ရုရှားနှင့်တူရကီသဘောတူ

S-400 လေကြောင်းကာကွယ်ရေးစနစ် ပို့ဆောင်မှုကို အရှိန်မြှင့်တင်ရန် ရုရှားနှင့်တူရကီသဘောတူ

 

အန်ကာရာ၊ တူရကီ၊ ဧပြီ ၄ ။                                ။ ရုရှားသမ္မတဗလာဒီမာပူတင်က S-400 လေကြောင်းကာကွယ်ရေးဒုံးပျံစနစ်ကို တူရကီသို့ပို့ဆောင်ခြင်းအား အရှိန်မြှင့်တင်လုပ်ဆောင်သွားရန် တူရကီသမ္မတရီဆပ်တေယစ်အာဒန်ဂိုနှင့်အတူ သဘောတူညီမှုရရှိခဲ့ပြီဖြစ် ကြောင်း အင်္ဂါနေ့ကပြောဆိုခဲ့ပြီး ယင်းသို့ဒုံးပျံစနစ်ဝယ်ယူမှုသည် တူရကီ၏ နေတိုးမဟာမိတ်နိုင်ငံများအတွက် တပ်လှန့်လိုက်သလို ဖြစ်စေခဲ့သည်။

“အလွန်ကိုထိရောက်မှုရှိတဲ့ ရုရှားတို့ရဲ့ဒုံးပျံစနစ်ကို တူရကီနိုင်ငံသို့ပို့ဆောင်ပေးမှုကို အရှိန်မြှင့်တင်လုပ်ဆောင် သွားဖို့ ကျနော်တို့သဘောတူခဲ့ပါတယ်” ဟု ပူတင်က တူရကီနိုင်ငံမြို့တော် အန်ကာရာ၌  အာဒိုဂန်နှင့်အတူ ဆွေးနွေးခဲ့အပြီးတွင် သတင်းထောက်များအား ပြောဆိုခဲ့သည်။

ဒ့ါအပြင် ပူတင်က တူရကီမိတ်ဆွေများ၏ မေတ္တာရပ်ခံချက်ကြောင့် ဒုံးပျံကာကွယ်ရေးစနစ် ထုတ်လုပ်မှုကို အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ရုရှားတို့ထုတ်လုပ်သော ယင်းလေကြောင်းကာကွယ်ရေးဒုံးပျံစနစ်ကို တူရကီတို့ဘက်မှ ဒေါ်လာ ၂ ဘီလျံပေး၍ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ပြီးခဲ့သောဒီဇင်ဘာလတွင် ရုရှားအရာရှိများက ၎င်းတို့သည် တူရကီနိုင်ငံသို့ S-400 ဒုံးပျံစနစ် ပို့ဆောင်ခြင်းကို ၂၀၁၉ ခုနှစ်အကုန် သို့မဟုတ် ၂၀၂၀ ခုနှစ်အစောပိုင်းတွင် စတင်သွားမည်ဟု ပြောဆိုခဲ့ပြီး ပူတင်၏ကြေညာ ချက်ကြောင့် ယင်းသတ်မှတ်ရက်ထက် စောစီးစွာဖြစ်ပေါ်လာဖွယ်ရှိသည်။

နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်သော တူရကီတို့ဘက်မှ ရုရှားတု့ိထံမှလက်နက်ဝယ်ယူခြင်းကြောင့် တူရကီ၏ မဟာဗျူဟာနှင့်ပက်သက်၍ အနောက်နိုင်ငံများက စိုးရိမ်လာကြပြီဖြစ်သည်။

သို့သော်လည်း အာဒိုဂန်က တူရကီတို့အနေဖြင့် ယင်းသို့လက်နက်ဝယ်ယူခြင်းကြောင့် ပေါ်ထွက်လာနိုင်သော အနောက်နိုင်ငံများ၏ ဝေဖန်မှုများကို နားထောင်ဖို့ဆန္ဒမရှိကြောင်း ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။

“ဒါဟာ တူရကီရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ ကျနော်တို့ဟာ ရုရှားတို့ထံမှ S-400 တွေကို ဝယ်ယူဖို့ သဘောတူညီ ထားပြီးပါပြီ” ဟု သူက ဆိုခဲ့သည်။

ရုရှားသတင်းဌာနများ၏ဖော်ပြချက်အရ တူရကီတို့သည် ယင်းဒုံးပျံစနစ်နည်းပညာကို အလွန်အမင်းစိတ်ဝင်စား ကြောင်းနှင့် S-400 များကို ရုရှားတို့နှင့်ပူးပေါင်းထုတ်လုပ်နိုင်ရန်အထိပင် စိတ်ကူးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags