စပိုင်အရေး အဆုံးသတ်ရန် ဓာတုလက်နက်စောင့်ကြည့်ရေးအဖွဲ့ အစည်းအဝေး ခေါ်ရန် ပူတင်လိုလား

စပိုင်အရေး အဆုံးသတ်ရန် ဓာတုလက်နက်စောင့်ကြည့်ရေးအဖွဲ့ အစည်းအဝေး ခေါ်ရန် ပူတင်လိုလား

 

မော်စကို၊ ဧပြီ ၄ ။                      ။ ရုရှ အပြစ်ဆိုခံရသည့် ဗြိတိန်မြေမှာ စပိုင်ဟောင်း လုပ်ကြံခံရမှု ပြဿနာတက်နေခြင်း အဆုံးသတ်ရန်အတွက် ကမ္ဘာ့ဓာတုလက်နက်စောင့်ကြည့်ရေးအဖွဲ့ အစည်းအဝေးတစ်ရပ်ခေါ်ရန် မျှော်လင့်ကြောင်း ရုရှသမ္မတ ပူတင်က ဧပြီ ၃ ရက်မှာ ထုတ်ဖော်ပြောလိုက်သည်။

“ဒီလို အစည်းအဝေးခေါ် ဆွေးနွေးခြင်းက ခုဖြစ်နေတဲ့ စပိုင်ဟောင်း ဆာဂျီးစကီရီပဲလ် လုပ်ကြံခံရမှု ပြဿနာကို နိဂုံးသတ်နိုင်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။”ဟု ဓာတုလက်နက်တားမြစ်ရေးဆိုင်ရာအဖွဲ့အစည်း OPCW ၏ ဧပြီ ၄ ရက် အစည်းအဝေးအတွက် တူရကီသို့ ရောက်ရှိနေသည့် ပူတင်က ပြောသည်။

ရုရှက ထိုကဲ့သို့ အစည်းအဝေးခေါ်ရန် တိုက်တွန်းနေသော်လည်း ဗြိတိန်နိုင်ငံက ယင်းသည် အာရုံလွှဲပြောင်းရန် လုပ်ခြင်းဖြစ်သည်ဟု စွပ်စွဲနေကြောင်း OPCW က ပြောသည်။

ဗြိတိန်မှ စစ်ရေးဆိုင်ရာအကဲဖြတ်များအရ စကီရီပဲလ်ကို လုပ်ကြံသည့် ဓာတုအဆိပ်သည် ရုရှတွင် ထုတ်လုပ်သည်ဟု သက်သေမပြနိုင်ဟု မှတ်ချက်ပြုထားသည်ကို သတင်းရရှိကြောင်း ပူတင်က ဧပြီ ၃ ရက် အစောပိုင်းတွင် ပြောထားသည်။

“ဒီကိစ္စအတွက် စိုးရိမ်ရတာဟာ ရုရှဆန့်ကျင်ရေး အရှိန်မြှင့်ထွက်ပေါ်လာတာကိုပါပဲ။”ဟု တူရကီသမ္မတ အာဒိုဂန်နှင့် တွေ့ဆုံပြီးနောက် ပူတင်က ပြောသည်။

လုပ်ကြံရာ သုံးခဲ့သည့် အာရုံကြောသေဓာတုအဆိပ်မှာ နိုင်ငံ ၂၀ ခန့်တွင် ထုတ်လုပ်နိုင်သော အဆိပ်ဖြစ်နေကြောင်း ပညာရှင်များက ပြောသည်ဟုလည်း ပူတင်က ငြင်းဆိုသည်။

လုပ်ကြံခံရသူ စပိုင်ဟောင်းနှင့် သမီးဖြစ်သူ ယူလီယာတို့ နှစ်ဦးစလုံးမှာ ရုရှနိုင်ငံသားများဖြစ်ကြသည်ကို ထောက်ပြလျက် စုံစမ်းစစ်ဆေးမှုတွင် ရုရှပါဝင်လိုကြောင်းလည်း ပူတင်က ပြောသည်။

မတ် ၄ ရက်က အင်္ဂလန်တွင် နှစ်ဖက်ချွန် ရုရှစပိုင်ဟောင်း စကီရီပဲလ်နှင့် သမီးဖြစ်သူတို့ ဓာတုအဆိပ်ဖြင့် လုပ်ကြံခံရခြင်းအပေါ် ဗြိတိန်က ရုရှအား အပြစ်ဆိုပြီး သံတမန်ရေး တင်းမာလျက်ရှိသည်။

လက်ရှိအထိ လုပ်ကြံခံရသူ ၎င်းတို့နှစ်ဦးမှာ ဆေးရုံတွင် ကုသမှု ခံနေရဆဲ အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags