" ပြည်သူ့မျက်နှာကို သွေဖယ်နေပြီးလား လွှတ်တော်"

" ပြည်သူ့မျက်နှာကို သွေဖယ်နေပြီးလား လွှတ်တော်"
ဓာတ်ပုံ-အောင်ကိုဦး
 

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဟာ အမှန်တကယ်ရော ပြည်သူ့အသံကို နားထောင်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

ဧပြီလ ၃ ရက်က ကျင်းပတဲ့ လွှတ်တော်မှာ အောင်မြေသာစံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန် တင်ထားတဲ့ တရားမဝင်ဆေးကုသနေတာတွေ စီစစ်ကြပ်မတ် အရေးယူပေးဖို့ အဆိုရှုံးနိမ့်ခဲ့ခြင်းဟာ လွှတ်တော်နဲ့ကန့်ကွက်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။

ကန့်ကွက်ခဲ့တဲ့ ပြည်သူကရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းကိုလည်း ပြန်စမ်းစစ်ကြဖို့လိုမယ်ထင်ပါတယ်။

သူတို့ကိုယ်တိုင် ဘာကြောင့် ကန့်ကွက်လိုက်သလဲဆိုတာကို ထုတ်ဖော်မပြောကြပေမယ့် ကိုယ့်စားလှယ်အချင်း ချင်း သံသယဆိုတဲ့ စိတ်တွေဝင်နေကြပါတယ်။ အမှန်တကယ်ပဲ တရားမဝင်ဆေးကုသနေတဲ့သူတွေကြောင့် နစ်နာမှုမရှိဘူးဆိုတာ ကန့်ကွက်သူတွေအနေနဲ့ ယုံကြည်နေသလားတော့မသိ။

အဆိုရှင်နဲ့ ထောက်ခံဆွေးနွေးကြတဲ့ ကိုယ်စားလှယ်တွေကတော့ သူတို့တွေ့ရှိချက်သက်သေတွေနဲ့ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

ဒီလိုသက်သေအထောက်အထားနဲ့ဆွေးနွေးခဲ့ပေမယ့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ သူတို့ကို အရေးယူလို့မရပါဘူး။ ပညာပေးမှုတွေပဲ လုပ်လို့ရပါတယ်လို့ပြောပါတယ်။

ဝန်ကြီးချုပ်ပြောတာတွေကတော့ အများကြီး လိုတဲ့ အပိုင်းလေးပဲ ရေးပြတာပါ။ လွှတ်တော်ကိုယ်စားလှယ် အချို့က ဒီနေ့အဆိုရှုံးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတစ်ချို့လည်းရှိပါတယ်။

ဒီနေ့ အခြေအနေကို ကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူက ဘယ်လောက် အားကိုးရမလဲ။ ဘယ်လောက်ယုံကြည်ရမလဲဆို မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ အစိုးရအဖွဲ့က သူတို့ ဥပဒေအတိုင်း လုပ်နေပါတယ်လို့ ဆိုပေမယ် လက်ရှိ လတ်တလောအခြေအနေကတော့ ပြည်သူနဲ့လွှတ်တော်ကိုယ်စားလှယ် ကြားမှာတော့ ယုံကြည်မှု သွေးဝေးသွားစေနိုင်ပါတယ်။

တရားမဝင်ဆေးကုသမှုတွေက ပုံစံအမျိုးမျိုးနဲ့ခေတ်အဆက်ဆက်ရှိခဲ့တာမှန်ပေမယ့် ဒီနေ့၊ဒီလိုအချိန်မှာတော့ မရှိသင့်တော့ပါဘူး။ ကျေးလက်တောရွာတွေမှာ အများဆုံးတွေ့ရှိရတယ်ဆိုပေမယ့်လည်း မြို့တွေပေါ်မှာပါ တွေ့နေရပါတယ်။

ပူးပေါင်းပြီး ဘယ်လောက်ဆောက်ချင်စိတ် ပြင်းပြနေပါစေ။အစိုးရရဲ့ အင်တိုက်အားတိုက် လုပ်ဆောင်မှု အားနည်းရင်တော့ အဖြေက မထွက်နိုင်ပါဘူး။

အဆိုအရှုံးနိမ့်အပေါ် အဆိုရှင် ဒေါက်တာညီမင်းဟန်က "ဒါက လွတ်တော်ရဲ့ ဆုံးဖြတ်ချက်ပဲ။၆၅ ယောက်မဲပေးခွင့်ရှိတယ်။ကြားနေမဲက ၈ မဲ။ ၄-မဲကပျောက်နေတယ်။ မပေးတာလည်းဖြစ်နိုင်တယ်။   ပြည်သူတကယ်နစ်နာလို့ အဆိုတင်ပြတာ။အစိုးရအဖွဲ့ ဝန်ကြီးချုပ် သဘောထားနဲ့ တိုက်ဆိုင်လား မတိုက်ဆိုင်လားဆိုတာက ဝန်ကြီးချုပ်ဖြေသွားတာက ဆက်လက်လုပ်မယ်လို့ ဖြေသွားတာ။ မှတ်တမ်းအဖြစ် ထားသင့်တယ်။ ကန့်ကွက်တယ်လို့ လည်း မဖြေဘူး။ ဆိုတော့ လွတ်တော်ဥက္ကဋ္ဌက မှတ်တမ်းအဖြစ် ထားသင့်တယ်လို့ သဘောပေါက်လိုက်တယ် ထင်ပါတယ်။ ဒါကြောင့် မဲခွဲဆုံးဖြတ်ရတဲ့ အခြေအနေထိ ရောက်လာတယ်။ မန်းတိုင်းလွတ်တော်ကိုယ်စားလှယ်တွေက တကယ်ပဲ ပြည်သူတွေ နစ်နာတယ်လို့ မခံယူလို့ ဘဲ ဖြစ်ချင်ဖြစ်မယ်။ စိုးရိမ်တာကတော့ ပေါ့စေချင်လို့ ကြောင်ရုပ်ထိုး လိုက်တာ။ ဆေးကြောင့် ပိုလေး သွားပြီး လွတ်တော်ကတောင် အရေးယူဖို့ကို ကန့်ကွက်တယ်ဆိုပြိး သူတို့က ပိုပြီးရမ်းကားရဲတင်းလာမှာ စိုးရိမ်တာပါ။ ကိုယ်လုပ်စရာရှိတာလုပ်ပေးတာ။ဒါက လွတ်တော်အဆုံးအဖြတ်ခံယူရမှာပဲ။"လို့ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် လွှတ်တော်နဲ့ပြည်သူကြား၊အစိုးရနဲ့ပြည်သူကြား ယုံကြည်မှုတွေ မယိမ်းယိုင်စေချင်ဘူး။ နားလည်မှုတွေ မလွဲစေချင်ဘူး။

ဒါပေမယ့် ဒီနေ့ဖြစ်သွားတဲ့ အဆိုရှုံးနိမ့်မှုကိုပဲ ပြည်သူကမြင်မှာပါ။အစိုးရက ကျန်းမာရေးအတွက် စီမံကိန်း ချမှတ်ပြီးလုပ်ဆောင်နေတာလည်း မြင်မှာမဟုတ်ပါဘူး။

ကန့်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ကြားနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ စက်ခလုတ် တောင် မကိုင်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မျက်နှာမူထားတဲ့ လားရာကို မေးခွန်းထုတ်ရပါတော့ မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly