မြန်မာနိုင်ငံရှိ တောဆင်ရိုင်းများ၂၀၃၀ တွင်မျိုးသုဉ်းနိုင်

မြန်မာနိုင်ငံရှိ တောဆင်ရိုင်းများ၂၀၃၀ တွင်မျိုးသုဉ်းနိုင်

 

ရန်ကုန်၊ ဧပြီ ၃ ။                  ။ မြန်မာနိုင်ငံ၌ တစ်ပတ်လျှင် ဆင်တစ်ကောင်နူန်းသတ်ခံနေရပြီး ၂၀၃၀ခုနှစ်ခန့်တွင် တောဆင်ရိုင်းများမျိုးသုဉ်းသွားနိုင်သည်ဟု ခန့်မှန်းထားကြောင်း WWF Myanmar ၏ Partnerships Director  မမေမိုးဝါ က ပြောသည်။

တောရိုင်းတိရိစ္ဆာန်ထွက်ပစ္စည်းများတရားမဝင်ရောင်းဝယ်ဖောက်ကားနေခြင်း၊ တောရိုင်းဆင်များ အမဲလိုက်သတ်ဖြတ်ခံနေရခြင်း၊ အရေခွံများအား တရားမဝင်ရောင်းချနေခြင်းတို့ပပျောက်စေရန်အတွက် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ အခမဲ့ဂီတပွဲတော်ကို ဧပြီလ ၇ရက်နေ့ ညနေ (၅)နာရီမှ (၉)နာရီ ပြုလုပ်မည့်အစီစဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့ခြင်းဖြစ်သည်။

 "၂၀၁၁ Official Data အရဆိုရင်တော့ အကောင်ရေ ၁၄၀၀နဲ့ နှစ်ထောင်ကြားပေါ့ သက္ကရာဇ် ၂၀၁၁ ဆိုတော့ တော်တော်လေးကြာခဲ့ပြီပေါ့နော် အခုဆိုရင်အဲဒီထက်ပိုပြီးနည်းနေပြီ တစ်ပတ်ကိုတစ်ကောင်နူန်းနဲ့ သတ်နေတဲ့ပုံစံမျိုးနဲ့သွားမယ်ဆိုရင်တောင်မှ ၂၀၃၀ လောက်ဆိုရင် ၂၀၃၅ လောက်ဆိုရင် ဆင်က မြန်မာပြည်မှာမရှိလောက်တော့ဘူးလို့ ခန့်မှန်းလို့ရပါတယ်"ဟု WWF Myanmar ၏ Partnerships Director ဖြစ်သူ မမေမိုးဝါက ပြောသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများထဲတွင် ဆင်မြို့တော်ဟု သတ်မှတ်ခံထားရသည့် လာအိုနိုင်ငံသည် ဆင်ကောင်ရေပပျောက်လုနီးပါး နည်းပါးနေပြီဖြစ်သည်ဟု မမေမိုးဝါက ပြောပြသည်။ ဆင်များမျိုး    သုဉ်းပျောက်ကွယ်သွားပါက တောပြုန်းတီးမှု၊ မျိုးပွားမှုနူန်းထား၊ ၎င်းတို့နှင့် မှီတင်းနေထိုင်ကြသည့်တိရိစ္ဆာန်များကိုပါ အန္တရာယ်ရှိသည်အထိ သက်ရောက်နိုင်သည်ဟု ၎င်းကဆိုသည်။

"သားငှက်တိရိစ္ဆာန်တွေက ကမ္ဘာတစ်ဝှမ်းလုံးမှာရော မြန်မာနိုင်ငံအတွင်းမှာရော ခြိမ်းခြောက်မှုများစွာဖြင့် ရင်ဆိုင်နေရပါတယ်"ဟု မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံအမတ်ကြီး HE Mr.Peter Lysholt Hansenက ပြောသည်။

 ဆင်များ၏ အစွယ်၊ အရေခွံ၊ နှာမောင်း၊ အသားများကို တရားမဝင်ဈေးကွက်တွင် ရောင်းဝယ်နေကြပြီး ကမ္ဘာ့အကြီးဆုံးဆင်စွယ်ဈေးကွက်မှာ တရုတ်နိုင်ငံတွင်ရှိနေသည်။

ကမ္ဘာပေါ်မှာ သားငှက်တိရိစ္ဆာန်တွေကို ရောင်းဝယ်ဖောက်ကားနေတဲ့ ဈေးကွက်ကြီးက ကံမကောင်းစွာနဲ့ပဲ ဒေါ်လာဘီလီယံနဲ့ချီ ကြီးထွားနေကြောင်း မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံအမတ်ကြီးက ဆိုသည်။

အရေခွံခွာ အစွယ်ဖြတ်ခံထားရသည့် ဆင်သေတစ်ကောင်အား ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-မင်းလှ-စိန်ကန့်လန့်လမ်း၊ မိုင်တိုင်အမှတ်(၆၀/၃) အနီးတွင် ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ရှိခဲ့သည်။ ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာအုပ်စု၊ ကျောက်ချောရွာအနီးတွင် အရေပြား ဆုတ်ခွာခံထားရသော ဆင်သေတစ်ကောင်ကို တွေ့ရှိခဲ့ရသည်။ ယခုနှစ်အတွင်း မြန်မာ့တောဆင်ရိုင်း အနည်းဆုံး အကောင်ရေ ၃ဝ ထိအသတ်ခံခဲ့ရကြောင်း နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့ (FFI)က ၂၀၁၇ခုနှစ်က မဇ္ဈိမကို ဖြေကြားခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly