ပြည်တွင်းလျှပ်စစ်စွမ်းအင်မရရှိသေးသည့် ကျေးလက်ဒေသများနှင့် ဆက်သွယ်ရေးတာဝါတိုင်များအတွက် ဆိုလာစနစ်သုံး အသေးစားလျှပ်စစ်ဓါတ်အားပေးစက်ရုံများဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို Yoma Micro Power က ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Yoma Micro Power ကို စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Yoma Strategic Holdings က ၃၅ ရာခိုင်နှုန်း၊ ကမ္ဘာ့ဘဏ်အဖွဲ့ဝင် International Finance Corporation-IFC နှင့် နော်ဝေးမှ Norfund တို့က (၃၀) ရာခိုင်နှုန်းစီနှင့် စီမံကိန်အား ဦးဆောင်သူ Mr. Alakesh Chetia တို့မှ (၅)ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားကြောင်း သိရသည်။
Yoma Micro Power ၏ အမှုဆောင်အရာရှိချုပ် Mr. Alakesh Chetia က " ဆိုလာပြားနဲ့ ဘက္ထရီဈေးနှုန်းလျှော့ကျနေမှုက ဆိုလာစနစ်သုံး အသေးစားလျှပ်စစ်ဓါတ်အားပေးစနစ်ကို ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုများ အသုံးပြုပြီး ကျေးလက်ဒေသ လျှပ်စစ် ဓါတ်အားရရှိအောင် ကြိုးပမ်းလုပ်ဆောင်မှုကို လျင်မြန်ထိရောက်တဲ့အတွက် အလားအလာရှိတဲ့ အစားထိုးလျှပ်စစ်ဓါတ်အားပေး စနစ်ဖြစ်ပါတယ်။ အသေးစားလျှပ်စစ်ဓါတ်အားပေးစက်ရုံတွေဟာ နိုင်ငံနဲ့ ဒေသဆိုင်ရာအစိုးရထံက အကူအညီများစွာ မလိုဘဲ ထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်။ နောင် ၁၀ နှစ် ဒါမှမဟုတ် ၁၀ နှစ်ကျော် စောင့်ဆိုင်းမှသာ လျှပ်စစ်ဓါတ်အား ရရှိနိုင်မယ့် ကျေးရွာတွေ့ကို အခုအခါမှာ လျှပ်စစ်ဓါတ်အားရရှိအောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်" ဟု ဆိုသည်။
ကျေးလက်ဒေသများနှင့် ဆက်သွယ်ရေးတာဝါတိုင်များအတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးသွားရန် စီစဉ်ထားသည့် ယင်းကုမ္ပဏီတွင် အဖွဲ့အစည်း(၃)ခု၏ ရှယ်ယာနှင့် ကြွေးမြီဘဏ္ဍာရေး (Equity and Dept Financing)စုပေါင်းရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၈ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
Yoma Strategic Holdings ၏ အမှုဆောင်အရာရှိချုပ် Mr. Melvyn Pun က " ယခုစီမံကိန်းက အလားအလာကောင်းတဲ့ စီမံကိန်းဖြစ်တာကို ကနဦးစမ်းသပ်လေ့လာမှုအနေနဲ့ မကြသေးမီက စစ်ကိုင်းဒေသမှာ အောင်မြင်စွာပြီးဆုံးခဲ့တဲ့အသေးစားဓါတ်အား ပေးစက်ရုံ (၁၀)ခုက သက်သေထူလျက်ရှိပါတယ်။ ဒီစီမံကိန်းကို နိုင်ငံတဝှမ်းမှာ လုပ်ဆောင်သွားဖို့ မျှော်မှန်းထားပါတယ်။ Yoma Strategic အနေနဲ့ အကုန်အကျသက်သာတဲ့ သဘာဝလျှပ်စစ်စွမ်းအင်ကို ကျေးလက်ဒေသရှိ ပြည်သူတွေကို ဖြန့်ဝေခြင်းအပေါ် အထူးပင်ဝမ်းမြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လျှပ်စစ်ဓါတ်အားရရှိမှုဟာမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်ဖြစ်တာကြောင့်ပါ" ဟု ဆိုသည်။
Yoma Micro Power က ယခုနှစ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ရန် ရည်မှန်းထားကာ ကနဦးဓါတ်အားပေးစက်ရုံ(၁၀)ခုကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ထားသည်။ ယင်းမှ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း (၁၀)ခု၊ ကျေးရွာ (၄)ရွာနှင့် ပြည်သူ ပေါင်း (၇၀၀)ကျော်ကို လျှပ်စစ်ဓါတ်အားပေးနိုင်မည်ဖြစ်သည်။
လာမည့် ၂၀၂၂ ခုနှစ်တွင် Yoma Micro Power က အသေးစားလျှပ်စစ်ဓါတ်အားပေးစက်ရုံပေါင်း (၂၀၀၀ )ကျော်အထိ ဆောက်လုပ်သွားရန် ရည်မှန်းထားသည်။