ပြည်နယ်နှင့်တိုင်း ၉ ခုတွင် မိုး ထစ်ချုန်းရွာမည်

ပြည်နယ်နှင့်တိုင်း ၉ ခုတွင် မိုး ထစ်ချုန်းရွာမည်
ဓာတ်ပုံ - ဇေယျာမော်

 

ရန်ကုန်၊ ဧပြီ ၃ ရက် ။                   ။မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်း ၉ ခုတွင် မိုးထစ်ချုံးရွာသွန်းမည်ဖြစ်ကြောင်း ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဧပြီလ ၄ ရက်နှင့် ၅ ရက်နေ့အထိ ရှမ်းပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး နေရာကျဲကျဲ မှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဧပြီလ ၃ရက်နေ့ မွန်းလွဲ၂နာရီခန့်တွင် ရန်ကုန်မြို့၌ မိုးများစတင်ရွာသွန်းခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်၌ မိုးများသည်းထန်စွာရွာသွန်းခဲ့ကာ ၂၄ နာရီကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ကာ ဘုရားစေတီအချို့ ပျက်စီးခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဧပြီ၊ မေ ကာလများတွင် နှစ်စဉ် မုတ်သုန်အစပျိုးတတ်သည့်ရာသီဖြစ်ပြီး ယခုကဲ့သို့ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လေ့ရှိသည်ဟု ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်ရီရီညွှန့်က ဆိုသည်။

"အောက်ကမြေကြီးက တအားပူလာတယ် အဲဒီတော့ဘာဖြစ်လဲ ပူ၊ ပွ၊ ပေါ၊့တက် Pressure(ဖိအား) နဲ့လေထု က ပွတယ် ပေါ့တယ် တက်တယ် ။ ပြီးရင် မိုးတိမ်တောင်တွေဖြစ်တယ် မိုးတိမ်တောင်ဖြစ်ပြီး ရေခိုးရေငွေ့တွေ မထမ်းနိုင်တဲ့အခါကျတော့ မိုးအဖြစ်ပြန်ရွာချတယ်ပေါ့ မြေပြင်ကသိပ်ပူတယ်ဆိုရင် ဒီအချိန်မှာ လေပြင်းတိုက်တာတွေပေါ့ မိုးရေကမလိုက်သေးဘူးလေ ရေခိုးရေငွေ့ကထင်သလောက်မရသေးဘူးလေ။ လေ တွေကလည်း အနောက်ဘက်ကလည်းလာတယ် ။ တောင်ဘက်ကလည်းလာတယ်ဆိုတော့ System တွေက အခြေတကျ မဖြစ်တဲ့အခါကျတော့ လေတွေများတာပေါ့ဒီအချိန်က"ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်ရီရီညွှန့်က ပြောသည်။

လက်ရှိအချိန်မှာ မုတ်သုန်ကာလမဝင်သေးဘဲ နှစ်စဉ်ဖြစ်လေ့ရှိသည့် မြန်မာနိုင်ငံ၏ပထမဦးဆုံး မုန်တိုင်း ရာသီဖြစ်ပြီး မုတ်သုန်ဝင်ပြီးပါက ယခုကဲ့သို့ လေများမည်မဟုတ်ဘဲ မိုးများရွာသွန်းမည်ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly