ဖာပွန်ခရိုင်အတွင်း လမ်းဖောက်သည့်ကိစ္စ ဆွေးနွေးပွဲရွှေ့ဆိုင်းခဲ့ရခြင်းအပေါ် KNU သဘောထားထုတ်ပြန်

ဖာပွန်ခရိုင်အတွင်း လမ်းဖောက်သည့်ကိစ္စ ဆွေးနွေးပွဲရွှေ့ဆိုင်းခဲ့ရခြင်းအပေါ် KNU သဘောထားထုတ်ပြန်
ဓာတ်ပုံ-AFP
 

ရန်ကုန်၊ ဧပြီ ၃ ။           ။ ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်အတွင်း တပ်မတော်မှလမ်းဖောက်လုပ်သည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်ရေးတင်းမာလာမှုများလျှော့ချရန် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ဆွေးနွေးရန် စီစဉ်ထားသည့်ဆွေးနွေးပွဲကို တပ်မတော်ဘက်မှ ရွှေ့ဆိုင်းထားကြောင်း KNU ဘက်မှထုတ်ပြန်လိုက်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွင်လိုအပ်သည့်တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို တပ်မတော်နှင့် တွေ့ဆုံညှိနှိုင်းရန် KNU ဗဟိုဌာနချုပ်နှင့် တပ်မဟာများမှ ထိပ်တန်းခေါင်းဆောင် ၇ ဦးပါဝင်သည့် စစ်ဘက်ရေးရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (MANT) မှ ဆွေးနွေးရန်သွား ရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

သို့သော်မတ်လ ၂၉ ရက်မှ ၃၀ ထိ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် နှစ်ရက်ကြာပြုလုပ်ရန်စီစဉ်ထားသည့် တပ်ပိုင်းဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် ဖာပွန်ခရိုင် အခြေစိုက်သည့် KNLA အမှတ် (၅) တပ်မဟာမှူးမပါဝင် သော ကြောင့် တပ်မတော်ဘက်မှ ရွှေ့ဆိုင်းကြောင်း KNU သို့အကြောင်း ကြားလိုက်ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

KNU ဘက်ကမူ အဆိုပါအဖွဲ့သည် KNU ၏ တပ်မဟာ ၇ ခုလုံးနှင့် ပက်သက်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးရန် ဗဟိုဌာနချုပ်မှ တာဝန်ပေးထားသည့် အဖွဲ့ဖြစ်ကြောင်းပြောသည်။

ထို့အပြင် KNLA အမှတ် (၅) တပ်မဟာမှူးမပါဝင်သော်လည်း MANT အဖွဲ့ဝင် KNLA တပ်မဟာ ၅ တပ်ရေးဗိုလ်မှူးမှ တပ်မဟာ (၅) ကိုကိုယ်စားပြုပါဝင် ပြီးဖြစ်သည့်အပြင် အငြင်းပွားဒေသမှ တာဝန်ရှိတပ်မှူးများလည်းပါဝင်ခဲ့ ကြောင်း KNU ၏ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုကဲ့သို့ဆွေးနွေးပွဲရွှေ့ဆိုင်းခဲ့ရသော်လည်း KNU အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကိုအခြေပြုကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် လက်ဆက်ညှိနှိုင်းသွားမည်ဟုလည်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် ခေးပူ နှင့် လယ်မူပလောရွာအကြား၌ ကားလမ်းဖောက်လုပ်ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် မတ်လ ၄ ရက်နေ့မှ စပြီး တပ်မတော်မှ ဝင်ရောက်လာခြင်းဖြစ်သည်။

ယင်းသို့ တပ်မတော်ဘက်မှ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာမှုကြောင့် နှစ်ဖက်တပ်ဖွဲ့ွများ အကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး ရွာပေါင်း ၁၄ ရွာ ၊ လူဦးရေ ၂၀၀၀ နီးပါး စစ်ရှောင်ခဲ့ရသည်။

ကရင် အမျိုးသားအစည်းအရုံး (KNU) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags