မြန်မာမှာ ဖေ့ဘွတ်ခ်ပေါ်ကနေ အမုန်းတရားဖြန့်မှုကိစ္စ အထူးအလေးထားကိုင်တွယ်နေဟု ဇူကာဘတ် ပြော

မြန်မာမှာ ဖေ့ဘွတ်ခ်ပေါ်ကနေ အမုန်းတရားဖြန့်မှုကိစ္စ အထူးအလေးထားကိုင်တွယ်နေဟု ဇူကာဘတ် ပြော

ဧပြီ ၃ ။          ။ မြန်မာနိုင်ငံမှာ ဖေ့ဘွတ်ခ်ကို အသုံးပြုပြီး အမုန်းစကားဖြန့် လွဲမှားစွာ သွေးထိုးလှုံ့ဆော်နေမှုတွေ ရှိနေတာကို သိရှိထားခဲ့ပြီး ဖြစ်ကြောင်းနဲ့ ယခုအချိန်မှာ ယင်းကိစ္စအပေါ် ကုမ္ပဏီဘက်က အထူးအလေးထားကိုင်တွယ်ပေး နေတယ်ဆိုပြီး ဆိုရှယ်မီဒီယာကုမ္ပဏီ ဖေ့ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်က အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။

မြန်မာပါဝင်တဲ့ ဒေသမှာ အမုန်းတရားတွေ ဖြန့်ဝေဖို့အတွက် ဖေ့ဘွတ်ခ်ကို လက်နက်တစ်ခုလို အသုံးချဖို့ ကြိုးစားသူတွေ ရှိနေကြောင်း ဇက်ကာဘတ်က Vox သတင်းဌာနနဲ့ တွေ့ဆုံတဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

" မြန်မာနိုင်ငံက ဒီကိစ္စတွေကိုတော့ ကျွန်တော်တို့ ကုမ္ပဏီတွင်းမှာ အထူးအလေးထားအာရုံစိုက် ကိုင်တွယ်ပေးနေပါတယ်လို့ ကျွန်တော်ထင်ပါတယ်" ဆိုပြီး ၎င်းက ပြောသွားတာဖြစ်ပါတယ်။

" ကျွန်တော် မှတ်မိနေပါသေးတယ်၊ စနေနေ့ မနက်ခင်းတစ်ခုကပေါ့၊ ကျွန်တော့်ဆီကို ဖုန်းဝင်လာပါတယ်၊ မြန်မာနိုင်ငံမှာ မတူညီတဲ့ ဘာသာဝင်တွေအကြား ဖေ့ဘွတ်ခ် မက်ဆင်ဂျာကို သုံးပြီး အမုန်းတရားဖြန့် သွေးထိုးလှုံ့ဆော်နေတယ်ဆိုတဲ့ သတင်းပါ၊ အဲဒါကို သိလိုက်ရချင်းမှာပဲ လိုအပ်တဲ့ ထိန်းချုပ်ဆောင်ရွက်မှုတွေ လုပ်ခဲ့ရပါတယ်၊ ဆက်လက်ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အထူးအလေးထားလုပ်နေပါတယ်" လို့ ဇက်ကာဘတ်က အဆိုပါ အင်တာဗျူးမှာ ပြောသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags