အီဂျစ်သမ္မတ စီစီ မဲ ၉၇ ရာခိုင်နှုန်းဖြင့် ပြန်လည်ရွေးကောက်ခံရ

အီဂျစ်သမ္မတ စီစီ မဲ ၉၇ ရာခိုင်နှုန်းဖြင့် ပြန်လည်ရွေးကောက်ခံရ

 

ကိုင်ရို၊ ဧပြီ ၃ ။                       ။ အီဂျစ်နိုင်ငံ၏ လက်ရှိသမ္မတသည် ရွေးကောက်ပွဲတွင်  သောင်ပြိုကမ်းပြိုအနိုင်ရကာ  မဲရလဒ် ၉၇ ဒဿမ ၀၈ ရာခိုင်နှုန်းဖြင့် ပြန်လည်အရွေးခံရကြောင်း ဧပြီ ၂ ရက်က အမျိုးသားရွေးကောက်ပွဲအာဏာပိုင်အဖွဲ့ NEZ က ကြေညာသည်။

သမ္မတ ဖာတက်ရှ်အယ်လ်စီစီကို ၎င်း၏ ပြိုင်ဖက်ဖြစ်သူ  လူသိနည်းသော နိုင်ငံရေးသမား မော်ဆာမိုစတာဖာမော်ဆာကိုယ်တိုင်က ယခင်ထောက်ခံဖူးသူဖြစ်နေပြီး ရွေးကောက်ပွဲတွင်လည်း မဲဆွယ်လုပ်ငန်းကို လုပ်သည်ဆိုရုံသာ ရှိခဲ့ခြင်းဖြစ်ရာ စီစီသာ အနိုင်ရလိမ့်မည်ဟု အများအပြား မျှော်လင့်ထားခြင်းဖြစ်သည်။

ပြည်တွင်းပြည်ပနှစ်ရပ်စလုံးမှ မဲပေးနိုင်သူ သန်း ၆၀ နီးပါးတွင် ၄၁ ဒဿမ ၀၅ ရာခိုင်နှုန်း လာရောက်မဲပေးခြင်းဖြစ်ရာ စီစီ ပထမဆုံးအာဏာရခဲ့သည့် ၂၀၁၄ ရွေးကောက်ပွဲကာလ ၄၇ ဒဿမ ၄၅ ရာခိုင်နှုန်း မဲပေးသူဦးရေနှင့် နှိုင်းယှဉ်နိုင်ကြောင်း NEA က ပြောသည်။

စီစီအား မဲပေးသူဦးရေသည် ၂၁၈၃၅၃၈၇ ရှိပြီး မော်ဆာအား မဲပေးသူမှာ  ၆၅၆၅၃၄ ဦးရေရှိသည်။ မဲ၏ ၇ ဒဿမ ၂၇ ရာခိုင်နှုန်းက ပယ်မဲဖြစ်ခဲ့ကြောင်း NEA ဥက္ကဌ အီဘရာဟမ်က ဆိုသည်။

ရွေးကောက်ပွဲကို လုံခြုံရေးတင်းကြပ်မှုအောက်တွင် မဲရုံပေါင်း ၁၃၇၀၀ ဖြင့် မတ် ၂၆ မှ ၂၈ ရက်အတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး အာရပ်နှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ကိုးဖွဲ့နှင့် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ၏ စောင့်ကြပ်မှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

မဲပေးနိုင်လျက် သမ္မတ ရွေးကောက်ပွဲသို့ လာရောက်မဲပေးခြင်းမရှိသော အီဂျစ်နိုင်ငံသားများကို အီဂျစ်ပေါင် ၅၀၀ ဒဏ်ငွေရိုက်ရန် NEA က ယခင်ဆုံးဖြတ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly