FDA ဝန်ထမ်းအမျိုးသမီးတွင် ထိုးသွင်းလက္ခဏာများရှိသော်လည်း သုက်ပိုးမတွေ့ရကြောင်း မှုခင်းဆရာဝန် ထွက်ဆို

FDA ဝန်ထမ်းအမျိုးသမီးတွင် ထိုးသွင်းလက္ခဏာများရှိသော်လည်း သုက်ပိုးမတွေ့ရကြောင်း မှုခင်းဆရာဝန် ထွက်ဆို

 

ရန်ကုန်၊ ဧပြီလ ၂ ။               ။ FDA ဝန်ထမ်း ဒုတိယဦးစီးမှူး အမျိုးသမီးအား အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် အမှုတွင် ဆေးစစ်ချက်အရ အမျိုးသမီးအင်္ဂါအတွင်း ထိုးသွင်းထားသောလက္ခဏာ ရှိသော်လည်း သုက်ပိုးမတွေ့ရကြောင်း မြောက်ဥက္ကလာပ ဆေးရုံမှ မှုခင်းဆရာဝန်ကြီး၊ အထူးကုဆရာဝန် ဒေါက်တာထွန်းလင်းထွန်းက ထွက်ဆိုခဲ့သည်။

ယနေ့ ဧပြီလ ၂ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူကို ၇ ကြိမ်မြောက်ရုံး ထုတ်ခဲ့ကာ တရားလိုပြသက်သေအဖြစ် မှုခင်းဆရာဝန်ကြီးနှင့် နေပြည်တော် FDA မှ ဆရာဝန် ၃ ဦးက လာရောက်ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

စအိုတွင်လည်း သုက်ပိုးမတွေ့ရဘဲ စအိုပေါက်ဝနှင့် အတွင်းနံရံများတွင် စုတ်ပြဲနေသည့် ဒဏ်ရာလက္ခဏာရှိပြီး လတ်တလော ထိုးသွင်းထားသည့်လက္ခဏာ ရှိသည်ဟု တရားခွင်တွင် ထွက်ဆိုခဲ့သည်။

“ ရွှေရည်ဝင်းကို ပထမစစ်တဲ့ သူ့ဒဏ်ရာက လည်ပင်းကို ညှစ်တဲ့ဒဏ်ရာ၊ အဲ့ဒါကြောင့် အောက်ဆီဂျင်ပြတ်ပြီး သေတာ။ မုချသေမယ့် ဒဏ်ရာပဲဆိုတော့ ဒီ မျိုးဇော်ဦးအတွက် မကောင်းတဲ့လက္ခဏာပဲ။ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲတာက သိပ်မခိုင်လုံဘူး။ အဲ့ဒါကြောင့် မှုခင်းဆရာဝန်ကိုလည်း မခိုင်မာတဲ့အကြောင်း အမှုစစ်တော့ မေးခွန်း မေးလိုက်တာ။ သူကတော့ တရားရုံးက ဆုံးဖြတ်လိမ့်မယ်လို့ မှုခင်းဆရာဝန်က အဲ့ဒီလိုပြောတယ် ”ဟု မျိုးဇော်ဦး(ခ) ဆီဒိုးနားဘက်မှ လိုက်ပါဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

မျိုးဇော်ဦးဆိုသူကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ခေါ်ယူ ဆေးစစ်ချက်အရ မျိုးဇော်ဦး ခန္ဓာကိုယ်ပေါ်၌ ပြင်ပဒဏ်ရာများ တွေ့ရှိရပြီး အမျိုးသားသုက်ပိုးကိုမှု တွေ့ရှိခြင်းမရှိကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။

“အမျိုးသားအင်္ဂါကတော့ ပုံမှန်အတိုင်းရှိပြီး ပြင်ပဒဏ်ရာတွေ မတွေ့ရပေမယ့် လတ်တလော လိင်ဆက်ဆံထား ခြင်းရှိ၊ မရှိကိုတော့ ဆေးပညာအရ ထင်မြင်ချက် အတိအကျမပေးနိုင်ကြောင်း ” အထူးကုဆရာဝန် ဒေါက်တာ ထွန်းလင်းထွန်းက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

FDA ဝန်ထမ်းအမျိုးသမီး သေဆုံးရခြင်း အဓိကအချက်မှာ မှုခင်းဆရာဝန်ထွက်ဆိုချက်အရ လည်ပင်းပတ် လည်အား တင်းကြပ်အောင် ဖိနှိပ်ခံထားရသည့်အတွက် လည်ပင်းအရှေ့ဘက် အရိုးငယ်ကျိုးတဲ့ဒဏ်ရာ၊ လည်ပင်းကြွက်သားတွင် သွေးသွန်၊ သွေးခြေဥ၊ ဖူးရောင်မှုများ တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ရင်ဘတ် ဖူးရောင်ဒဏ်ရာများ တွေ့ရကာ ရင်ညွှန့်မှာ ကျိုးနေသည့်အတွက် လည်ပင်းနှင့် လည်ပင်း အောက်ရှိ အသက်ရှုပြွန်များပိတ်ဆို့နေပြီး အသက်မရှုနိုင်ခြင်း၊ အဆုတ်နှင့် ရင်ခေါင်းကြွက်သားများ အလုပ်မလုပ်နိုင်ခြင်းကြောင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly