၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ပို့ကုန် ကန်ဒေါ်လာ ၁၄ ဘီလီယံ စံချိန်တင် တင်ပို့ထား

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ပို့ကုန် ကန်ဒေါ်လာ ၁၄ ဘီလီယံ စံချိန်တင် တင်ပို့ထား

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်ပမာဏအမေရိကန်ဒေါ်လာ ၁၄ ဘီလီယံဖြင့် စံချိန်တင် တင်ပို့နိုင်ခဲ့ ကြောင်း နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။

ဧပြီလ ၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။

" ဒီနှစ်မှာ ပို့ကုန်က ထူးထူးခြားခြား  ၁၄ ဘီလီယံအထိ စံချိန်တင်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ ကျော်အထိ တင်ပို့တဲ့အထဲမှာ စံချိန်ထဲမှာဆိုရင် ဆန်စပါးပါတယ်။ ပဲမျိုးစုံပါတယ်။ ရာဘာစိမ်း၊ ရာဘာကုန်ကြမ်း တွေပါတယ်။ နောက်တစ်ခါ ချုပ်ပြီးသား အထည်လိပ်တွေ ပါပါတယ်" ဟု ဦးမြင့်ဆွေက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ ယခင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မတ်လ ၂၃ ရက်အထိ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁  ဒသမ ၅၇ ဘီလီယံဖြစ်ကြောင်း သိရသည်။
အလားတူ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် မတ်လ ၂၃ ရက်အထိ  ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံ ကျော် ရရှိထားပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၁  ဘီလီယံကျော် ဖြစ်ကြောင်း သိရသည်။

ယခင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မတ်လ ၂၃ ရက်အထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၂၇ ဒသမ ၇၅ ဘီလီယံဖြစ်သဖြင့် ယခင်နှစ်ကာလတူထက် ၄ ဒသမ ၃ ဘီလီယံနီးပါး ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly