လစ်လပ်ဝန်ကြီး၂ နေရာအတွက် မကွေးတိုင်းဝန်ကြီးချုပ် ထပ်မံအဆိုပြု

လစ်လပ်ဝန်ကြီး၂ နေရာအတွက် မကွေးတိုင်းဝန်ကြီးချုပ် ထပ်မံအဆိုပြု

 

မကွေး၊ ဧပြီ ၂ ။             ။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦး နေရာခန့်ထားရန် အမည်စာရင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးသို့ တင်ပြခဲ့သည်။

လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးနေရာအတွက် မကွေးမြို့ အမှတ်(၁၂၈) ၊၁၃ လမ်း အောင်မေတ္တာ (ဂ/၁)တွင် နေထိုင်သည့် ခရိုင်ပညာရေးမှူး(ဒုတိယညွှန်ကြားရေးမှူ း-ငြိမ်း) ဦးမြင့်ဆွေနှင့် ပွင့်ဖြူ မြို့နယ် စိုက်ပျိုးရေး သိပ္ပံဝင်း၊ သက်တော်ရှည်ရပ်ကွက်တွင် နေထိုင်သည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ဦးခင်မောင်ထွန်းတို့ကို ဝန်ကြီးချုပ်က အဆိုပြုခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြီးအတွင်း လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးနေရာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အဆိုပြုတင်ပြလာမှုကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာက လွှတ်တော်တွင် ဖတ်ကြားခဲ့သည်။

အဆိုပါ မကွေးတိုင်းဒေသကြီးအတွင်း လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးနေရာအတွက် အဆိုပြုတင်ပြလာသူ နှစ်ဦးမှာ နိုင်ငံရေးပါတီဝင် NLD ပါတီဝင်များ မဟုတ်ဘဲ ပြင်ပ ပညာရှင်များသာဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် အဆိုပြု တင်ပြလာသည့် ဝန်ကြီးနှစ်ဦးနှင့် ပါတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ဧပြီ(၄)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်း ရမည်ဖြစ်ပြီး ဧပြီ(၅)ရက်နေ့တွင် အဆိုတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီး ဦးနေမျိုးကျော် နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်တို့သည် ဇန်နဝါရီ လ (၅)ရက်နေ့က ဝန်ကြီးနေရာမှ နုတ်ထွက်စာတင်ခဲ့ပြီး ဇန်နဝါရီလ (၁၀)ရက်နေ့က သမ္မတရုံးမှခွင့်ပြုပေးခဲ့ရာ လစ်လပ်နေသည့်ဝန်ကြီးနှစ်ဦးနေရာတွင် တစ်လကျော်ကြား၌ တိုင်းအစိုးရမှ တိုင်းလွှတ်တော်သို့ ပထမအကြိမ် အဆိုပြုတင်ပြခဲ့ပြီး ယင်းတင်သွင်းမှုနှင့် ပါတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်မှ ကန့်ကွက်ဆွေးနွေးရန် ဆောင်ရွက်ခဲ့သဖြင့် တင်သွင်းမှုကို ဝန်ကြီးချုပ်မှ ပြန်ရုပ်သိမ်းခဲ့သည်။

လစ်လပ်နေသည့် ဝန်ကြီးနေရာအတွက် ယခု ဒုတိယအကြိမ် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တိုင်းလွှတ်တော် သို့ အဆိုပြု တင်ပြခြင်းဖြစ်ပြီး ပထမအကြိမ်က လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။

“ မင်းတုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက မကွေးတိုင်းမှာ လစ်လပ်သွားတဲ့ ဝန်ကြီးနေရာ နှစ်နေရာအတွက် တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ကနေ ပထမအကြိမ် လွှတ်တော်ကို အဆိုပြုတင်ပြ ခဲ့ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးလောက်က ကန့်ကွက်ဖို့ တင်ထားတဲ့အတွက် ဝန်ကြီးချုပ်က ပြန်ရုပ်သိမ်းခဲ့ပါတယ်၊ ယခု တင်တဲ့သူတွေရဲ့ ကိုယ်ရေးအကျဉ်းကိုတော့ ဒီနေ့မှ လွှတ်တော်ကိုယ်စားလှယ်တွေ ဆီ ဖြန့်ဝေထားတဲ့ စာရွက်တွေထဲကနေ သိရတာပါ၊ အဲဒီအတွက် ဝန်ကြီးချုပ် တင်သွင်းလာသူတွေနဲ့ ပတ်သက် ၍ ဘာမှမပြောနိုင်သေးပါဘူး” ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောသည်။

သရက်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က “ မကွေးတိုင်းမှာ လစ်လပ်သွားတဲ့ ဝန်ကြီး နေရာနှစ်နေရာအတွက် တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ကနေ အဆိုပြုတင်ပြလာသူများရဲ့ အခြေခံ အကြောင်းအရင်းကို မသိသော်လည်း တင်သွင်းထားတဲ့နှစ်ဦးနဲ့ ပတ်သက်ပြီး အားလုံးက ငြိမ်နေပါတယ်။ ဘာသံမှမထွက်ပါဘူး ဝန်ကြီးချုပ်ကြီးအနေနဲ့ ကောင်းမယ်ထင်လို့ သင့်တော်မယ်ထင်လို့ အဆိုပြုတင်ပြ လာတယ်လို မြင်ပါတယ်” ဟု ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့တွင် အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးနေရာနှင့် မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနေရာလစ်လပ်နေသည်မှာ နှစ်လ ကျော်ခန့်ရှိနေပြီးဖြစ်၍ ထိုဝန်ကြီးဌာနများတွင်လုပ်ငန်းနှောင့်နေးမှုများ ရှိနေသည်ဟု သရက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly