Police Tero အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ထိုင်းလိဂ်-၁ မှာ ခြေစွမ်းပြနေပါတယ်။
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ထိုင်းလိဂ်-၁ ပွဲစဉ်မှာ Police Tero အသင်းက Port FC အသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ရာမှာ အောင်သူက နှစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ ပွဲအပြီးမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ အောင်သူ့အနေနဲ့ ဒီဆုကို ဒုတိယအကြိမ်မြောက်အဖြစ် လက်ခံရရှိတာလည်း ဖြစ်ပါတယ်။
အောင်သူဟာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းကနေ Police Tero အသင်းထံ တစ်ရာသီအငှားနဲ့ သွားရောက် ကစားနေတာပါ။ အောင်သူ့ကို အပြီးသတ်လိုချင်တယ်ဆိုရင်တော့ ရတနာပုံအသင်းက ပြောင်းရွှေ့ကြေးဒေါ်လာ ၅ သိန်း သတ်မှတ်ထားပါတယ်။
အောင်သူခြေစွမ်းပြနိုင်ပေမယ့်လည်း သူ့အသင်းကတော့ ထိုင်းလိဂ်-၁ မှာ အခြေအနေသိပ်မကောင်းဘဲ ၈ ပွဲကစားပြီးချိန်မှာ တန်းဆင်းဇုန်ထဲက အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။